မြတ်ကျော်သူ မောင်တောမှ ပေးပို့သည်။
အောက်တိုဘာ ၉
မောင်တောမြို့တွင် ယနေ့ နံနက်က ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အကြမ်းဖက် အဖွဲ့အစည်းတို့အကြား တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ပြီးနောက် မောင်တောခရိုင်တခုလုံးအတွင်း ညမထွက်ရအချိန်ကို ယခင်ကထက် တင်းကြပ်လိုက်ပြီဖြစ်သည်။
မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့အသွား လမ်းမပေါ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်အနီး ဝက်ပိတ်ကျေးရွာအနီးမှ နယ်ခြားစောင့်တပ်ဖွဲ့ကို အလစ်ဝင်ရောက်စီးနင်းရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝက်ပိတ်ကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ညအချိန် ၁၂ နာရီခန့်က စီးနင်းဝင်ရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ရသည်။ ဓါးဖြင့် တိုက်ခိုက်ခြင်းအပြင် သေဆုံးသူအချို့တွင် သေနတ်ဒဏ်ရာများကိုလည်း တွေ့ရသည်။
အဆိုပါ စခန်းနှင့် တောလမ်းချင်း ဆက်စပ်နေသည့် ဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့မှုတွင် တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံသို့ ရောက်ရှိချိန်တွင် သေဆုံးခဲ့သည်။ စီးနင်းမှုအပြီး ဌာနချုပ်ရှိ M-11 နှင့် M-12 သေနတ် အလက် ၁၅၀ ကျော် ယူဆောင်သွားခဲ့ပြီး အနီးနားရှိ သီဟိုခြံများနှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။
ယင်းအဖြစ်အပျက်နှင့် တပြိုင်နက်တည်းတွင် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက်ရွာ အနီးတွင်လည်း အကြမ်းဖက်တပ်ဖွဲ့တခုမှ ဝင်ရောက်စီးနင်းခဲ့သေးသည်။ တချိန်တည်းမှာပင် မောင်တောမြို့နယ်အတွင်းရှိ ငါးခူရကျေးရွာတွင်လည်း အကြမ်းဖက်အဖွဲ့တခုက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့သည်။
ဌာနချုပ်အနီးတွင် နေ့လည် ၂ နာရီခန့်အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးသံတခုနှင့် သေနတ်သံများကို ဌာနချုပ်အနီးမှ ကြားခဲ့ရသည်။ ညနေ ၃ နာရီခွဲအချိန်ခန့်တွင်မူ ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတဝိုက်တွင် မီးခိုးငွေ့များကို ထူထပ်စွာတွေ့ရပြီး ကျေးရွာအတွင်းမှ ခုခံမှုတချို့ကြောင့် တပ်မတော်က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ဝင်တဦးက ဆိုသည်။
ရဲတပ်ဖွဲ့မှ ရရှိထားသည့်အချက်အလက်များအရ စီးနင်းဝင်ရောက်သည့်တပ်ဖွဲ့သည် နယ်မြေကျွမ်းကျင်မှုရှိခြင်းနှင့် ဒေသခံများပါ ပူးပေါင်းပါဝင်သည်ဟု ယူဆရပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေရာ ဘင်္ဂလီရွာများအတွင်း ရွာသူ၊ ရွာသားများ မရှိတော့ဟု သိရသည်။
Frontier က အဆိုပါ ရှာဖွေမှုကို မျက်မြင်တွေ့ရှိရပြီး ရဲတပ်ဖွဲ့နှင့် ဘူးသီးတောင်မြို့နယ်မှ ရောက်ရှိလာသည့် တပ်မတော်သားများက အဆိုပါနယ်မြေအတွင်း လုံခြုံရေး ယူထားသည်ကိုလည်း တွေ့ရှိရသည်။
မောင်တောမြို့တွင် ၂၀၁၂ ခုနှစ်က စတင်ကာ ညမထွက်ရအမိန့်ကို ည ၁၁ နာရီမှ နံနက် ၄ နာရီထိ ထုတ်ပြန်ထားသော်လည်း ယနေ့ညနေတွင် ညမထွက်ရအမိန့်ကို ည ၇ နာရီမှ မနက် ၆ နာရီသို့ တိုးမြှင့်တင်းကြပ်လိုက်သည်။
တိုက်ခိုက်မှုများအပြီးတွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ရှစ်ဦး၏ ရုပ်အလောင်းများကို ရရှိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။