စစ်တွေ၊ သြဂုတ် ၂၈
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောတွင် ၇၂ နာရီကြာသည်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော်လည်း ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယမန်နေ့က ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့် လူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် တိုက်ပွဲများ ဖြစ်ပွားရာဒေသသို့ သြဂုတ် ၂၇ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပြီးနောက် စစ်တွေမြို့တွင် သတင်းထောက်များကို ရှင်းလင်းရာတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခုကျွန်တော်တို့ ရောက်ခဲ့တာက ဘူးသီးတောင်၊ မောင်တော ရောက်တယ်။ မောင်တောမှာ မြို့ထဲကို တစ်ပတ်လှည့်ပြီး ကြည့်ခဲ့တယ်။ အမြင်အရ၊ လုံခြုံရေးအရ ထိန်းထားနိုင်တဲ့ သဘောရှိတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
သို့သော် ၎င်းတို့က မောင်တောနယ်ဒေသတစ်ခုလုံးကို ဆိုလိုချင်ပုံမရဘဲ ၎င်းတို့ လည်ပတ်ကြည့်ရှုခဲ့သည့် နေရာပတ်ဝန်းကျင်ကိုသာ ရည်ညွှန်းလိုခြင်းဖြစ်သည်။
“မမြင်ရတဲ့ မောင်တောဒေသ တခုလုံးဆိုတာကတော့ ကျွန်တော်တို့ တပ်မတော်ရဲ့ ကစထမှူး ပြောပြချက်တွေ၊ ကျွန်တော်တို့ ဒီဖက်က နယ်ခြားစောင့်တို့၊ အုပ်ချုပ်ရေးပိုင်းတို့၊ ဒါတွေရဲ့ ပြောပြချက်တွေအရ လုံခြုံရေးအရ ထိန်းထားနိုင်တယ်လို့ ပြောနိုင်တာပေါ့” ဟု ဦးညီပုက သတင်းထောက်များကို ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးသည် သြဂုတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့များသို့ သွားရောက်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စစ်တွေသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ တွေ့ရှိချက်များအရ မောင်တောဒေသပတ်ဝန်းကျင်၊ လမ်းမကြီးများပေါ်တွင် ဗုံးပေါက်ကွဲထားသည့် တွင်းများ တွေ့ရှိရသည်ဟုဆိုသည်။
“ဒီက လုံခြုံရေးသွားတဲ့ တပ်မတော်သားတို့၊ လုံခြုံရေးအဖွဲ့ဝင်တွေဟာ မှန်းသလောက် ခရီးမပေါက်ဘူး။ မိုင်းတွေကို ရှင်းနေရတယ်။ ခု တံတားတွေ ဖျက်ထားတယ်။ ဒါတွေက အသွားအလာ၊ ခြေလျင်သွားရတဲ့ဟာတွေ ဖြစ်တော့ အများကြီး နှောင့်နှေးမှုတွေ ရှိတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
မောင်တောမြို့ကို အကြမ်းဖက်သမားများက စီးနင်းလိုက်ပြီဟူသည့် ကောလာဟလများ ပြန့်နှံ့နေသော်လည်း လက်တွေ့မှာမူ “မဟုတ်ပါဘူး” ဟု ဝန်ကြီးနှစ်ဦးက ငြင်းဆိုခဲ့သည်။
သြဂုတ် ၂၇ ရက်နေ့ညတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရမူ မောင်တောမြို့၏ အချို့နေရာများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေပြီး သတင်းထုတ်ပြန်သည့်အချိန်အထိ လောင်ကျွမ်းဆဲဖြစ်သဖြင့် ဝိုင်းဝန်းငြှိမ်းသတ်နေသည်ဟု ဖော်ပြထာသည်။
“မောင်တောမြို့သည် ဘင်္ဂါလီနှင့် တိုင်းရင်းသားများ ရောနှောနေထိုင်ပြီး လူနေအိမ်ခြေ ထူထပ်ကာ ခရိုင်အဆင့် အစိုးရဌာနဆိုင်ရာ ရုံးများ အခြေစိုက်သည့် မြို့ဖြစ်ကြောင်းနှင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက မောင်တောမြို့ကို ဖျက်ဆီးရန်နှင့် ဆူပူ အကြမ်းဖက်မှုကို ပိုမို ကြီးကျယ်စေရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အိမ်ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ကာ လက်လုပ်ဗုံးများကိုပါ ထားရှိခဲ့သဖြင့် ဗုံးများပေါက်ကွဲ၍ ပိုမိုမီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
_tzh4252_1.jpg
ဘူးသီးတောင်နှင့် မောင်တော အခြေစိုက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများ (INGO) မှ နိုင်ငံခြားသားဝန်ထမ်းအနည်းဆုံး ၂၀ ဦးခန့်သည် သြဂုတ် ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်က ဘူးသီးတောင်ဆိပ်ကမ်းမှ စစ်တွေသို့ ထွက်ခွာလာကြသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများတွင် INGO ဝန်ထမ်းများ ပါဝင်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သေးသည်။
လက်ရှိတွင် မောင်တောမြို့အဝင်နေရာအချို့၌ ထွက်ပြေးလာသည့် ဒုက္ခသည် ၂၀၀ ခန့် ခိုလှုံနေကြရပြီး ဘူးသီးတောင်တွင် ဒုက္ခသည်ရာချီ၍ သောင်တင်နေကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လက်ရှိအချိန်တွင် အခြေအနေတည်ငြိမ်မှုမရှိသေးဘဲ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းအစောပိုင်း ၁ နာရီခန့်က စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်းများကို စစ်သွေးကြွများက တစ်ချိန်တည်း အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ ကင်းစခန်းပေါင်း ၃၀ တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၉၆ ဦးခန့်သေဆုံးခဲ့ရပြီးဖြစ်ကာ အများစုမှာ အကြမ်းဖက်တိုက်ခိုက်သူများဟု စွပ်စွဲခံထားရသူများဖြစ်ကြသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် အရပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြသူများမှာ “အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ” ဖြစ်သည်ဟု အတိုင်ပင်ခံရုံးနှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုများကို ဦးဆောင်ခဲ့သည်ဆိုသည့် Arakan Rohingya Salvation Army (ARSA) နှင့် ပါဝင်သူများအားလုံးကို အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက သြဂုတ် ၂၅ ရက်နေ့ ညနေပိုင်းတွင် ကြေညာခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှုများတွင် ပါဝင်သော လူပုဂ္ဂိုလ်များအားလုံးသည် အကြမ်းဖက်မှုမြောက်မည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
အတိုင်ပင်ခံရုံးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့၏ ထုတ်ပြန်ချက်များအရ တိုက်ခိုက်သူများသည် တုတ်၊ ဓားများ၊ လက်လုပ်ဗုံးများနှင့် သေနတ်များ ကိုင်ဆောင်ကာ လူပေါင်း ရာနှင့်ချီကာ စုဝေးပြီး လာရောက် တိုက်ခိုက်ကြသည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့၏ နေအိမ်များကို ကိုယ်တိုင်မီးရှို့ကာ ထွက်ပြေးမှုများလည်း ရှိသည်ဟု အစိုးရက စွပ်စွဲထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နယ်နိမိတ်ဆက်စပ်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ လာသောသတင်းများအရ မူဆလင်ထောင်ပေါင်းများစွာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလာကြသော်လည်း အများစုမှာ ဝင်ရောက်ခွင့်မရရှိကြဟုဆိုသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထွက်ပြေးလာသူအများစုကို နယ်စပ်တွင် တားဆီးထားသောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အများဆုံးပါဝင်သည့် ထွက်ပြေးလာသူများမှာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ပိတ်မိနေသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
သတင်း-မြတ်ကျော်သူ