မူဆယ်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်၊ နမ့်ဖက်ကာနှင့် ၁၀၅ မိုင်ကြား တာလုံရွာတွင် ကုန်တင် ၁၀ ဘီးကားကြီး ၁၅ စီးကျော်ခန့်ကို လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ကားဘီးများကို သေနတ်ဖြင့်ပစ်ဖောက်ခဲ့ပြီးနောက် မူဆယ်အသွားကားလမ်းမှာ နံနက် ၁၁ နာရီကျော်က စတင် ပိတ်ဆို့နေသည်ကို Frontier က ယနေ့ တွေ့ရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်ကစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA), တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA), မဟာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရခိုင်တပ်မတော် (AA) တပ်ဖွဲ့များ ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၊ ကွတ်ခိုင်နှင့် သိန္နီမြို့များတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ထိ တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တာလုံရွာ၌ ကုန်တင်ကားကြီးများ လမ်းပိတ်ဆို့ ရပ်တန့်နေပြီး ၁၀၅ မိုင်သို့ မရောက်မီ မော်တောင်းရွာတွင် ဆက်ကြေးကောက်ခံမှုများ ရှိနေသည်ဟုလည်း လားရှိုးသို့ပြန်ဆင်းလာသည့် ကားဒရိုင်ဘာများ၏ အဆိုအရ သိရသည်။
“ဆက်မသွားရဲဘူး။ သိပ်မကြာခင် ဖွင့်မယ်လို့ မျှော်လင့်ရတာပဲ။ ဒီအနီးအနားတဝိုက်မှာ ပြန်ပြန်ပေါ်လာပြီး ပစ်နေတာ” ဟု လမ်းပိတ်ဆို့မှုကြောင့် စောင့်ဆိုင်းနေရသည့် ကားဒရိုင်ဘာတဦးက ဆိုသည်။
ယမန်နေ့က နမ့်ဖက်လွန်ရွာအတက်တွင် ၁၂ ဘီးကားတစီးကို သေနတ်ကျည်ဆံတချက်တည်း ပစ်ခတ်လိုက်ရာမှ ကားဒရိုင်ဘာသေဆုံးခဲ့သည်။ အဆိုပါ တရက်တည်းတွင်ပင် ဟန်ကိုင်ရွာအနီးတွင်လည်း လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ကင်တာကားနှစ်စီးကို ဘီးပစ်ဖောက်ကာ လမ်းပိတ်ဆို့ရန်ပြုလုပ်ခဲ့ကြသည်။
တာလုံမရောက်မီ နမ့်အွမ်ရွာအနီးတွင် ကုန်တင်ကားများ တန်းစီးစောင့်ဆိုင်းနေကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်
“မနေ့က ကျနော်တို့က အလာ၊ သူတို့က ရွာထဲက အထွက်နဲ့ တည့်တည့်ကျတယ်။ ကားကို လမ်းမှာကန့်လန့်ထားပြီး နောက်ဆုတ်ခိုင်းတယ်။ ဆုတ်လို့တောင် မပြီးသေးဘူး ပစ်တယ်။ အချက် ၂၀ လောက်ရှိမယ်” ဟု ကားဘီးဖောက်ခံရသည့် ကားမှ ယဉ်နောက်လိုက် စိုင်းခမ်းလူက Frontier ကိုပြောသည်။
စိုင်းခမ်းလူသည် လက်ရှိအချိန်ထိ ကားကိုစောင့်ဆိုင်းနေရဆဲဖြစ်ပြီး ၎င်းအနေနှင့် လုံခြုံရေးအကူအညီလည်း လိုအပ်လျက်ရှိကာ ၎င်း၏ကားဒရိုင်ဘာမှာ မူဆယ်သို့ ကားတာယာဝယ်ရန် သွားနေပြီး ပြန်မလာနိုင်သေးဟု ဆိုသည်။
လက်ရှိအချိန်တွင် လားရှိုးမှ နမ့်ဖက်ကာ အထိ တည်ငြိမ်နေသေးပြီး၊ နမ့်အွမ်ရွာတွင် မူဆယ်သို့ အသွားကားများ စောင့်ဆိုင်းနေရကာ၊ တာလုံနှင့် မော်တောင်းရွာများတွင်လည်း ပိတ်ဆို့လျက်ရှိနေသည်။
အစိုးရ၏ ယမန်နေ့က နောက်ဆုံးထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၀ ရက်မှစတင်သည့် တိုက်ခိုက်မှုနှင့် ထိတွေ့မှုများကြောင့် သေဆုံးသူ ၁၀ ဦးရှိနှင့် ဒဏ်ရာရရှိသူ ၃၃ ဦးရှိသွားဖြစ်ကာ သေဆုံးသူများထဲတွင် အမျိုးသမီး နှစ်ဦးအပါအဝင်အရပ်သားငါးဦးပါဝင်သည်။ ကျန်သေဆုံးသူများမှာ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် ပြည်သူ့စစ်နှစ်ဦးတို့ ဖြစ်ကြသည်။
အဆိုပါတိုက်ခိုက်မှုများကို KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ လူပေါင်း ၃,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့လာကြသည်ဟုလည်း တရုတ်နိုင်ငံက ပြောကြားထားသည်။
သတင်း-မြတ်ကျော်သူ