ရန်ကုန်၊ ဇန်နဝါရီ ၁၁
မင်္ဂလာဈေး ပြန်လည်ထူထောင်ရေးအတွက် စည်ပင်ဘဏ်မှ သက်သာသော အတိုးနှုန်းဖြင့် ငွေချေးရန်အပါအဝင် အစိုးရက ထောက်ပံ့ကြေးပေးမည့် အစီအစဉ်များကို သမ္မတဦးသိန်းစိန်က ဈေးသူဈေးသားများနှင့် ယနေ့ တွေ့ဆုံရာတွင် ပြောကြားသည်။
ဇန်နဝါရီ ၉ ရက်နေ့၊ နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့သည့် မီးကြောင့် ဈေးရှိ ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း ပျက်ဆီးခဲ့ကာ ကျပ်သန်း ၃၆,၀၆၀ ဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု မင်္ဂလာတောင်ညွန့်ရဲစခန်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မီးလောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်များကို သမ္မတဦးသိန်းစိန်က ယနေ့ တွေ့ဆုံခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အစီအမံများ ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။
မင်္ဂလာဈေး ပြန်လည်ထူထောင်ရေး အစီအမံများအရ မီးလောင် ဆုံးရှုံးသွားသည့် ဈေးသူဈေးသားများအတွက် စည်ပင်ဘဏ်က သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးမည်ဖြစ်ကာ ယာယီဈေးသို့ ဆိုင်ခန်း ရွှေ့ပြောင်းစရိတ် အဆင်ပြေစေရေးအတွက် အစိုးရက ဆိုင်ခန်းတစ်ခန်းချင်းအလိုက် သင့်တော်သည့် ထောက်ပံ့ကြေးများ ထောက်ပံ့ပေးမည်ဖြစ်သည်။ ရွှေ့ပြောင်းစရိတ်အဖြစ် ဆိုင်ခန်းတစ်ခန်းလ ျှင် ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ထောက်ပံ့ပေးမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း 7 Day က ရေးသားထားသည်။
ယာယီဈေးကိုလည်း တတ်နိုင်သမျှ စုစုစည်းစည်း ဖြစ်စေရေး၊ သပ်ရပ် တောင့်တင်းခိုင်မာပြီး ရာသီဥတုဒဏ်ခံနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးရန်လည်း သမ္မတက ပြောကြားသည်။ ယာယီဈေးကို မင်္ဂလာဈေးအနီးရှိ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးများ၏ ယာဉ်ရပ်နားရန် နေရာများတွင် တည်ဆောက်ပေးမည်ဟု သိရသည်။
ဈေးအဆောက်အဦးသစ်ကို မီးဘေး အပါအဝင် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည့် တည်ဆောက်မှုဖြစ်စေရေး၊ ရေရှည်အားဖြင့် အဆင့်မီ အဆင့်မြင့် ဈေးသစ် ဖြစ်စေရေးအတွက် ကောင်းမွန်သော ဗိသုကာ ဒီဇိုင်းများ၊ အဆောက်အဦးပုံစံများ ရရှိနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရှင်များအသင်း စသည်တို့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် လ ျှပ်စစ်သုံးစွဲမှု၊ ဓါတ်အားကြိုးများ ဖြန့်ခွဲတပ်ဆင်မှု စသည်တို့နှင့် ပတ်သက်၍လည်း ဘေးကင်း လုံခြုံစေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သတ်မှတ် စံချိန်စံညွှန်းများ ပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားမည်ဟု ဆိုသည်။
မင်္ဂလာတောင်ညွန့် ရဲစခန်း၏ စုံစမ်းချက်အရ ဝါယာလျော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သလို ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ အလုံအလောက် ဆောင်ရွက်ထားခြင်းမရှိမှုကိုလည်း ဝေဖန်မှုများ ရှိနေသည်။
ဈေး၏ လေးလွှာ၊ ဆိုင်ခန်းအမှတ် ၄၅၁ တွင် လိပ်ဆွဲတံခါးတပ်ဆင်ခြင်းကို ဇန်နဝါရီ ၈ ရက်နေ့၊ ညပိုင်းတွင် ဈေးဝန်းအတွင်း ကျင်းပသည့် တရားပွဲပြီးမှ လုပ်ငန်းစတင်ရန် ခွင့်ပြုပေးခဲ့သော်လည်း တရားပွဲ မပြီးမီ ည ၁၀ နာရီခန့်တွင် လ ျှပ်စစ်မီး ဖွင့်ပေးသဖြင့် ဝင်ရောက်လုပ်ကိုင်နေစဉ် ဝါယာလျော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မင်္ဂလာတောင်ညွန့်ရဲစခန်း၏ စစ်ဆေးချက်တွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် ဈေး အပေါ်ဆုံးထပ် (အမိုး) ရှိ စားသောက်ဆိုင် ၄၈ ခန်း၊ စတုတ္ထထပ်ရှိ ဆိုင်ခန်းပေါင်း ၇၉၇ ခန်းနှင့် တတိယထပ်ရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ ဆိုင်ခန်း စုစုပေါင်း ၁၆၃၆ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်ကျွမ်းခဲ့သည့် ဆိုင်အများစုမှာ ဆေးနှင့် ဆေးပစ္စည်းဆိုင်များနှင့် အလှကုန်ဆိုင်အများစု ဖြစ်ကြသည်။
မင်္ဂလာဈေးသည် ရန်ကုန်မြို့ရှိ ဈေးကြီးများအနက် တစ်ခုဖြစ်ကာ ဆေးနှင့် ဆေးပစ္စည်းများ အဓိက ဖြန့်ဖြူးသည့် ဈေးတစ်ခုဖြစ်သည်။ ၂၀၁၀ ခုနှစ် မေလအတွင်းကလည်း ပျက်စီးဆုံးရှုံးမှု များပြားသည့် ကြီးမားသော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးကာ မီးအပြီးသတ်ငြှိမ်းသတ်ရန် နှစ်ရက်ခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကြီးစား ပြင်လည်ပြင်ဆင်ကာ ဈေးကို ပြန်လည် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
သတင်း- Frontier သတင်းအဖွဲ့