မိမိနိုင်ငံသားများကို ပစ်မယ်ထားမည်မဟုတ်သလို မြန်မာရွှေ့ပြောင်း လုပ်သားများအား နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် အစီအစဉ်ရှိသည်ဟု ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၃ ရက်နေ့က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ဇွန် ၂၃ မှ ၂၅ ရက်နေ့အထိ တရားဝင်ခရီး ရောက်ရှိနေခြင်း ဖြစ်သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား ဘန်ကောက်မြို့အနီး၊ မဟာချိုင်ရှိ ထလေထိုင်းဈေးခန်းမတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I ရရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိသလို နောင်တွင်လည်း နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် အစီအစဉ်များရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
အရေးကြီးသည်မှာ မိမိတို့နိုင်ငံသူ နိုင်ငံသားများ လုံလုံခြုံခြုံဖြင့် မိမိလုပ်ငန်းခွင်အတွင်း အလုပ်လုပ်နိုင်ရန် ဖြစ်ကြောင်း၊ ပြဿနာသည် အရေးမကြီးဘဲ ဖြေရှင်းပုံဖြေရှင်းနည်းကသာ အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် အဆင်ပြေစေချင်သကဲ့သို့ အိမ်ရှင်နိုင်ငံအတွက်လည်း အဆင်ပြေစေလိုကြောင်းဖြစ်လည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းအစိုးရ၏ အလုပ်သမား အခွင့်အရေး ဥပဒေများကို လေးစား လိုက်နာကြရန်နှင့် သိရှိနားလည်အောင်ကြိုးစားရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာလုပ်သားများကို မှာကြားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်မတို့ နိုင်ငံသားတွေဆီက အသံကို ကြားချင်ပါတယ်။ ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာနဲ့ ကျွန်မတို့ဆီက ဘာကို မေ ျှာ်လင့်ထားကြသလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောကြားပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။
မိမိနိုင်ငံသားများ၏ ပြဿနာသည် မိမိတို့အစိုးရအပေါ်တွင် တာဝန်ရှိကြောင်း၊ ပစ်ပယ်ထားခြင်း၊ မသိသလိုနေခြင်း ပြုလုပ်မည်မဟုတ်ကြောင်းနှင့် တတ်နိုင်သမျှ တရားဥပဒေဘောင်အတွင်းမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံပွဲသို့ မြန်မာ လုပ်သား ၅၀၀ ဦး တက်ရောက်ရန် ထိုင်းအစိုးရက စီစဉ်ထားခဲ့သည်။ သို့သော် တက်ရောက်ခွင့်ပြုမည့်သူများအား ထိုင်းအစိုးရက စိတ်ကြိုက် ရွေးချယ်ခေါ်ယူခဲ့သည်ဟုဆိုကာ အခြားမြန်မာလုပ်သားများက ကန့်ကွက် တားဆီးခဲ့ကြသည်။ ထိုသို့ တားဆီးမှုကြောင့် တွေ့ဆုံပွဲ တက်ရောက်ရန် လာရောက်ကြသူအများစုမှာ ခန်းမတွင်းသို့ ဝင်ရောက်ခွင့်မရရှိခဲ့ပဲ မြန်မာလုပ်သား ၂၀၀ ခန့်သာ ဝင်ရောက်ခွင့်ရရှိခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ခန်းမတွင်းရှိ မြန်မာများအား တွေ့ဆုံပြီးပါက ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် မြန်မာလုပ်သားများနှင့်လည်း တွေ့ဆုံသွားမည်ဟု မိန့်ခွန်းစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော် မိုးသည်ထန်စွာ ရွာသွန်းခဲ့မှုကြောင့် ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာအား တွေ့ဆုံ စကားပြောမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
တွေ့ဆုံပွဲပြုလုပ်မည့်နေရာသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာချိန်တွင် ပြင်ပတွင် စုံရုံး စောင့်ဆိုင်းနေကြသူများက “အမေစု၊ အမေစု” ဟု ကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။
“ကျွန်တော် အရမ်းပျော်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ချစ်တယ်။ ဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး မြင်ဖူးတာပဲ” ဟု တူနားငါး ပြုပြင်ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၂ နှစ်အရွယ်၊ ကိုဗညားတိတ်က အေအက်ပီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ထိုင်းနိုင်ငံတွင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မေ ျှာ်လင့်ချက်ရောင်ခြည်များ ပေါ်ပေါက်စေခဲ့သည်။
“ကျွန်မတို့ ဒီမှာ၊ ထိုင်းနိုင်ငံထဲမှာ ပြဿနာတွေ ရှိနေတယ်။ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး သူက ဆောင်ရွက်ပေးနိုင်မှာပါ။ တစ်ကမ္ဘာလုံးက သူ့စကားဆို နားထောင်ကြမှာပါ” ဟု အသက် ၅၀ အရွယ် မြန်မာတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့်နေရာသည် ထိုင်းနိုင်ငံ ရေလုပ်ငန်း၏ အချက်အချာဒေသဖြစ်ကာ မြန်မာလုပ်သား တစ်သိန်းခန့် လုပ်ခလစာ နည်းပါးစွာဖြင့် လုပ်ကိုင်နေကြသည့် နေရာဖြစ်သည်။ ထို့ပြင် လုပ်သားများကို ကျွန်ပြုခိုင်းစေမှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် နေရာလည်း ဖြစ်သည်။
မြန်မာလုပ်သားများနှင့် တွေ့ဆုံပွဲမတိုင်မီ ထိုင်းနိုင်ငံ မြန်မာသံရုံးတွင် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်ဟု သိရသည်။
ထို့အတူ မြန်မာသံရုံးမှ တာဝန်ရှိသူများအနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများသို့ ပုံမှန်လှည့်လည်ကြည့်ရှု၍ ပြဿနာများ ဖြေရှင်းပေးရန်လည်း မှာကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားဦးရေ နှစ်သန်းခန့်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သူတို့တွေ အကုန်လုံးက အိမ်ပြန်ချင်နေကြတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေကောင်းအောင် သူတို့ စောင့်ဆိုင်းနေကြတာပါ” ဟု မြန်မာအလုပ်သမားများအရေးအား ကူညီဆောင်ရွက်ပေးနေသူ အန်ဒီဟောက ပြောကြားသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ပထမဆုံး သွားရောက်သည့် ပြည်ပခရီးဖြစ်သည်။
သတင်း- Frontier