ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ယနေ့စတင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ တက်ရောက်နေစဉ်။ ဓာတ်ပုံ- တေဇလှိုင်
ရခိုင်အမျိုးသားပါတီ၏ ပါတီဝင်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် ရခိုင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သူ ဦးဇော်အေးမောင်က ၎င်း၏မိခင်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ အတိုက်အခံအဖြစ်ရပ်တည်လျှင်ပင် ၎င်းအနေနှင့်မူ ဒီချုပ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားလိုက်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်လည်း ထိုနေရာအတွက်ပင် ထပ်မံအနိုင်ရသဖြင့် ဒီချုပ်ပါတီကဖွဲ့စည်းမည့် တိုင်းဒေသကြီးအစိုးရတွင်လည်း ဦးဇော်အေးမောင်သည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ထပ်မံထမ်းဆောင်ရမည့်သူဖြစ်သည်။
“ပါတီ(ရခိုင်အမျိုးသားပါတီ)က ထုတ်ပြန်တဲ့သဘောထားက ကျွန်တော့်အပေါ်သက်ရောက်မှု မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ရခိုင်ပြည်နယ်အစိုးရဖွဲ့ဖို့အတွက် ဗဟိုအစိုးရဆီကို တောင်းဆိုတာပါ။ အတိုက်အခံဖြစ်ရင်လည်း ဗဟိုအစိုးရနဲ့ ပါတီနဲ့ပဲ ဖြစ်မှာပါ။ ရန်ကုန်တိုင်းအစိုးရနဲ့ မဆိုင်ပါဘူး”ဟု ယနေ့စတင်ကျင်းပပြီး ပထမဆုံး အကြိမ် ဒီချုပ်ကိုယ်စားလှယ်များတက်ရောက်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တက်ရောက်လာသည့် ၎င်းက Frontier ကိုပြောကြားသည်။
ဦးဇော်အေးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင် တိုင်းရင်းသား ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရာ ကနဦး၌ တိုင်းရင်းသားဝန်ကြီးများ ရသင့်သည့် အခွင့်အရေးများ မရဟုဆိုကာ ၎င်းနှင့် ကျန်အစိုးရအဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပြီး ရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာခဲ့သည်အထိ တင်းမာခဲ့ဖူးသည်။ သို့သော် ၎င်းက ဒီချုပ်အစိုးရလက်ထက်တွင်မူ ထိုသို့ဖြစ်ရပ်များ ဖြစ်လာမည်မဟုတ်ဟုထင်မြင်ကြောင်း ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သတင်းထောက်များကိုပြောသည်။
“ပြည်ခိုင်ဖြိုးအစိုးရထက်တော့ နောက်အစိုးရက ကိုင်တွယ်ပုံညင်သာလိမ့်မယ်။ ပိုပြီးပွင့်လင်းမယ်လို့ ထင်ပါတယ်” ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ဧရာဝတီနှင့်င့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်သာ ရခိုင်လူမျိုး လူဦးရေအချိုးအစား များပြားမှုကြောင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၏ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်မူ ဒီချုပ်ပါတီဝင် ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်က အနိုင်ရရှိထားသည်။
သတင်း- ကျော်ဖုန်းကျော်