ရန်ကုန်၊ မေ ၂၇
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းရမည့် ဆုံးဖြတ်ချက် အပါအဝင် နိုင်ငံတော်သံဃမဟာနာယက (မဟန) ၏ ဆုံးဖြတ်ချက်များကို မဘသအဖွဲ့က ၎င်းတို့၏ လေးနှစ်မြောက်တွေ့ဆုံပွဲတွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ရှုံ့ချလိုက်သည်။
ယခုပွဲကို ယခင်က အဖွဲ့ကြီး၏ လေးနှစ်ပြည့်ညီလာခံအဖြစ် ကျင်းပရန် စီစဉ်ခဲ့သော်လည်း မဟနက မဘသကို ဖျက်သိမ်းရန် ဆုံးဖြတ်ပြီးနောက် ညီလာခံမဟုတ်ဘဲ အထူးရှင်းလင်းပွဲဟူ၍ ပြောင်းလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စကားပြောစင်တွင် ဦးဆောင်ဟောပြောသည့် ဆရာတော်အများစုသည် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအပေါ် စောင်းပါးရိပ်ချည် ခနဲ့၊ ပြောဆိုသွားပြီး မဟန အဖွဲ့၏ ရပ်တည်ချက်များအပေါ်လည်း ထေ့လုံး၊ ငေါ့လုံးများဖြင့် လှောင်ပြောင်ခဲ့ကြသည်။
ထို့ပြင် မဟနအနေနှင့် မဘသအဖွဲ့အစည်းကို ဖျက်သိမ်းရန် ဆုံးဖြတ်မှုသည် တရားမျှတမှုမရှိကြောင်းနှင့် လုပ်ပိုင်ခွင့်မရှိကြောင်း တက်ရောက်လာသည့် ဦးဆောင်ဘုန်းတော်ကြီးများက တုံ့ပြန်ဝေဖန်ခဲ့သည်။
မဟန အနေနှင့် မဘသ ဖျက်သိမ်းရန်နှင့် မသဘ နာမည်ကို လူပုဂ္ဂိုလ်ဖြစ်စေ၊ ရဟန်းဖြစ်စေ မသုံးစွဲရန် မေ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်ကိုဆန့်ကျင်သူများအား ‘အလျင်အမြန်’ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနကို တွန်းအားပေးထားသည်။
မဘသ ဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဒေါ်ခင်ခင်ဌေးက “နာမည်တခုကို မသုံးစွဲရဘူးလို့ ဥပဒေပြဌာန်းထားတာ မရှိသေးဘူး၊ ဒါကြောင့် မဘသ ဆိုတဲ့နာမည်ကို မသုံးစွဲရဘူးလို့ အမိန့်ထုတ်တာဟာ ဥပဒေနဲ့ မလျော်ညီဘူး” ဟု အဆိုပါပွဲတွင် မေးမြန်းသူများကို ပြန်လည်ဖြေကြားခဲ့သည်။
မဘသ (ဗဟို)၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင် ပါသောက က “အရင်ကတော့ မဟန ဆရာတော်ကြီးတွေက မိန့်တယ်။ တကယ်လို့ မဘသ သာ မဟနနဲ့ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတယ်ပေါ့။ ကောင်းတယ်ပေါ့။ ဒါပေမယ့် ခုတော့ ဘာကြောင့် ပြောင်းလဲသွားလဲဆိုတာ မသိပါဘူး” ဟု မဟန၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြသည်။
အဆိုပါ ရှင်းလင်းပွဲတွင် မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးဝီရသူလည်း တက်ရောက်ခဲ့ပြီး ပွဲပြီးခါနီးတွင်မှ ဟောပြောမှုပြုလုပ်ခဲ့ရာ ပရိတ်သတ်များက တခဲနက်လက်ခုပ်တီး၍ သြဘာပေးခဲ့သည်။
“မဘသ ဆရာတော်တွေ၊ တကယ့်ယုံကြည်ချက်နဲ့ အလုပ်လုပ်နေတာတွေကို စော်ကားမော်ကား ပြုနေတာတွေကို ရပ်တန်းကရပ်လိုက်ပါ” ဟု တရားဟောခွင့် တနှစ်ပိတ်ပင်ခံထားရသည့် ဦးဝီရသူက မာန်ပါပါဖြင့် ဟောပြောခဲ့သည်။
ထို့အပြင် သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရည်ညွှန်း၍ “လကောင်ကြီး” ဟု အော်ဟစ်ခေါ်ဝေါ် သုံးစွဲခဲ့ပြီး တက်ရောက်လာသူ လူပုဂ္ဂိုလ်များနှင့် ဘုန်းတော်ကြီးများက လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။
မဘသ၏ ယခု လေးနှစ်ပြည့်တွေ့ဆုံပွဲသည် ယခင် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် အောင်ဆန်းတောရကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။
သတင်း-မြတ်ကျော်သူ