ရင်းနှီးမြှုပ်နှံထားသော ငွေများအတွက် အကျိုးအမြတ် အများအပြားရမည်ဟူကာ မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် ဖြစ်ပွားခဲ့သည့် လိမ်လည်မှုအစီအစဉ်(Ponzi Scheme)တစ်ခုတွင် လူထောင်ပေါင်းများစွာမှာ ၎င်းတို့ပိုင် ငွေသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
ဟိန်းကိုစိုး နှင့် သောမတ်စ် ကင်း(န်)ေရးသားသည်။
“404 error” ဟုဆိုကာ အချက်ပြမှုက တစ်စုံတစ်ခု မှားယွင်းနေပြီဆိုသည်ကို ပထမဆုံးပြသနေသော သင်္ကေတတစ်ခု ဖြစ်သည်။
SCL Myanmar တွင် သူရင်းနှီးမြှပ်နှံထားသော ငွေတန်ဖိုးကို ပြီးခဲ့သည့် ရက်သတ္တပတ်သုံးပတ်လောက်အထိ www.sclclub.com ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ ကိုခင်မောင် ပြန်စစ်ဆေးကြည့်၍ ရနေသေးသည်။ ယခုတော့ စစ်ကြည့်၍ မရတော့ပေ။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာက သူဝယ်ထားခဲ့သော ကုမ္ပဏီ၏ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀ ကို သူပြန်ရပါတော့မလားဟု ပထမဆုးအကြိမ်အဖြစ် သံသယဝင်လာမိလေသည်။
SCL ကုမ္ပဏီသည် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းဒေသရှိ သူ့ဇာတိပြည်မြို့တွင် မကြာသေးမီက စတင်ဖွင့်လှစ်လိုက်ပြီး ရင်းနှီးမြှုပ်နှံသူ၏ငွေကို သုံးလအတွင်း နှစ်ဆပြန်ရစေမည်ဟု ကတိပေးခဲ့ကြသည်ကုမ္ပဏီက လန်ဒန်မြို့တွင်အခြေစိုက်ပြီး ရွှေ၊ ရေနံနှင့် နိုင်ငံခြားငွေရောင်းဝယ်သောကုမ္ပဏီတစ်ခုဖြစ်ကြောင်း သူတို့ကိုပြောပြသည်။
ယင်းကုမ္ပဏီ၏ ရှယ်ယာ ဒေါ်လာ ၄,၀၀၀ ဖိုးဝယ်ထားသော မိတ်ဆွေတစ်ယောက်က ရင်းနှီးမြှုပ်နှံရန် သူ့ကို နားချခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်းတွင်“အမြတ်ငွေ”ကို အပတ်စဉ်ရနေသေးသည်။ သို့သော် သိပ်မကြာလိုက်ပါ။ ငွေအဝင်ရပ်သွားလေသည်။
သူ့အား ရှယ်ယာရောင်းသည့်အမျိုးသမီးကြီး ဒေါ်နန်းတနွန်ထ့ ကိုခင်မောင်ဆက်သွယ်သည့်အခါတွင် ၎င်းမှာ SCL ၏ဝန်ထမ်း မဟုတ်ကြောင်းနှင့် ရောင်းပေးသောရှယ်ယာများအတွက်သာ ကော်မရှင်ရကြောင်း သိလိုက်ရသည်။ ထိုအမျိုးသမီးက သူကိုယ်တိုင်ပင် SCL ၏ လိမ်ညာမှုကို ခံလိုက်ရကြောင်း သူကိုပြောလေသည်။
SCL ကပေးသော အကျိုးအမြတ်မှာ ထူးထူးခြားခြားမြင့်မားနေပြီး အလိမ်အညာ ငွေကြေးအစီအစဉ်အဖြစ် လူပြောသူပြောများလှသည့် Ponzi Scheme ၏လက္ခဏာမျိုးဖြစ်နေသော်လည်း ငွေများနှင့်အတူ ကုမ္ပဏီပါ ပျောက်ချင်းမလှ ပျောက်သွားသောအခါ အထိတ်တလန့်ဖြစ်မိကြောင်းကိုခင်မောင်ကပြောသည်။
“ငွေနည်းနည်းလောက်ပဲ စရင်းဖို့နဲ့ SCL က အမှန်အကန်ဖြစ်မှသာ ပိုပြီးရင်းကြဖို့ ကျွန်တော့မိတ်ဆွေက အကြံပေးပါတယ်။ ဒါပေမယ့် ကျွန်တော် ပထမဆုံးဒေါ်လာ ၁,၀၀၀ ထည့်လိုက်ပါတယ်။ ငွေများများ ရနိုင်သလောက်ရချင်တာကိုး ” ဟု ကိုခင်မောင်က Frontier ကို ဇူလိုင်လအတွင်းက ပြောကြားသည်။
“ကျွန်တော်အလိမ်ခံရလိမ့်မယ်လို့ ဘယ်တုံးကမှမတွေးခဲ့မိဘူး” ဟုလည်း သူကပြောသည်။
ကိုခင်မောင်နှင့် သူ့မိတ်ဆွေ နှစ်ယောက်တည်းသာ မဟုတ်ပေ။ ပြည်မြို့ဘက်တွင် ရင်းနှီးမြှပ်နှံသူ ရာပေါင်းများစွာ အလိမ်ခံခဲ့ ရပြီး အထူးသဖြင့် ပတ်ဝန်းကျင်ရွာများမှ ဖြစ်ကြသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးအာဏာပိုင်တို့က တစ်စုံတစ်ရာ အရေးယူပေးစေရန် သူတု့ိကဆန္ဒရှိနေသည်။
“ငွေပြန်ရဖို့ (ကုမ္ပဏီက ကိုယ်စားလှယ်တွေကို) ကျွန်တော်တို့ ဆက်သွယ်ပါတယ်။ ကုမ္ပဏီကလည်း ဖျက်သိမ်းပြီးပြီ၊ ငွေပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ သူတို့ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ဘယ်လို အရေးယူမယ်ဆိုတာကို ကျွန်တော်သိချင်ပါတယ် ”ဟု ကိုခင်မောင်ကပြောသည်။
အလိမ်ခံရသူ ထောင်ပေါင်းများစွာ၊ ဆုံးရှုံးမှု သန်းပေါင်းများစွာ
ပြည်ဒေသသည် SCL ၏ သားကောင်များ အများဆုံး ပေါ်ထွက်ခဲ့သည့် အဆိုးဆုံးဒေသတစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံ၏ အခြားဒေသများမှလည်း မကျေနပ်ချက်များ ပေါ်ထွက်ခဲ့သည်။ လူအမြောက်အများကို တွေ့ဆုံမေးမြန်းပြီး တစ်လကျော် သုတေသနပြုခဲ့သော Frontier ၏ စုံစမ်းထောက်လှမ်းမှုအရ အလိမ်ခံရသူထောင်ချီ (တစ်သောင်းခန့်) ရှိပြီး ဆုံးရှုံမှုမှာ ဒေါ်လာသန်းပေါင်းများစွာ ရှိနေသည်ကို တွေ့ရသည်။
SCL သည် မြို့အများအပြားတွင်“ခေါင်းဆောင်များ” (Leaders )ထားရှိပြီး ရှယ်ယာအရောင်းမြင့်တက်စေရန်အတွက် ကော်မရှင်စနစ်ကို အသုံးပြုသည်။ SCL၏ ထိပ်ဆုံးပိုင်းမှပုဂ္ဂိုလ်များက မည်သည့်အရပ်တွင်ရှိနေသည်ကို မသိရသော်လည်း သက်ဆိုင်ရာနေရာများတွင် ကုမ္ပဏီကိုယ်စားရှယ်ယာရောင်းချသူအချို့မှာ ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမကြောင်းအရ တရားစွဲခံထားရသည်။
အဖွဲ့ဝင်၂,၅၀၀ ရှိပြီး SCL Club ဟုခေါ်သော Facebook အုပ်စုတစ်ခုက လိမ်လည်မှုဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်သည့် ဝမ်းနည်းဖွယ် သက်သေအထောက်အထားတစ်ခု ဖြစ်သည်။ ရှမ်းပြည်နယ်၊ သိန်းနီမြို့တွင် “ရှယ်ယာများကို ဝယ်ယူထားသော်လည်း အမြတ်ငွေတစ်ပြားတစ်ချပ်မျှ မရသူအများအပြားရှိကြောင်း” ဖေ့စ်ဘုတ်သုံးသူတစ်ဦးဖြစ်သည့် ဖြိုမင်းကျော်ကျော်၏ပို့စ်တွင် ဖေါ်ပြထားသည်။ ရှမ်းပြည်နယ်မှ ကွတ်ခိုင်၊ ပဲခူးတိုင်းဒေသကြီးမှ ပန်းတောင်း၊ ကရင်ပြည်နယ်မှ မြဝတီနှင့် မွန်ပြည်နယ်မှပေါင်စသည့် ဒေသများမှလည်း အလားတူပို့စ်များကို တင်ထားရာ SCL ၏ လိမ်လည်မှုရိုက်စားခွင်က တစ်နံတလျား ပြန့်နှံခဲ့သည်မှာထင်ရှားလှသည်။
(မွန်ပြည်နယ်ရှိ မြို့လေးတစ်မြို့တွင် အိမ်ထောင်စုများ၏ ၁၀ ရာခိုင်နှုန်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သည် SCL လိမ်လည်မှုကြောင့် ဂယက်ရိုက်ခတ်ပုံတို့ကို ဆက်လက် လေ့လာသုံးသပ်ဖော်ပြသွားမည်ဖြစ်သည်။)
မွန်ပြည်နယ်တောင်ပိုင်းရှိ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်း သားကောင်များ အများအပြားရှိခဲ့သည်။
၎င်း၏ငွေများ လအနည်းငယ်အတွင်း နှစ်ဆတိုးပွားလာစေရမည်ဟုပြောကြား၍ ချဉ်းကပ်လာသော ဦးအောင်ဇော်ထက်ဆိုသူနှင့် တွေ့ဆုံခဲ့ပြီးနောက် မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၁,၀၀၀ ကို ရင်းနှီးမြှုပ်နှံရန် ထည့်ဝင်ခဲ့ကြောင်း သံဖြူဇရပ်မှ မဇင်မာထွန်းက Frontier ကိုပြောသည်။ သို့သော်လည်း ဦးအောင်ဇော်ထက်အား ငွေပေးပြီးနောက်ပိုင်းတွင် ငွေလက်ခံဖြတ်ပိုင်းကို မရခဲ့ပေ။ ကိုခင်မောင်နှင့် အခြားရင်းနှီးမြှုပ်နှံသူများနည်းတူ ၎င်းတို့လည်း SCL ထံမှစာရွက်စာတမ်း အထောက်အထား မရရှိခဲ့ကြပေ။
ဦအောင်ဇော်ထက်ကို မေးကြည့်သောအခါ SCL မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းနှင့် ကုမ္ပဏီသစ်ဖြစ်သော I Smart Golden Myanmar တွင် ရင်းနှီးမြှပ်နံှမည်ဆိုပါက ၎င်းတို့၏ငွေကို ပြန်ရနိုင်ကြောင်း ၎င်းအား ပြောကြားသည်ဟုဆိုသည်။ ဇွန် ၂၈ ရက်နေ့တွင်မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ I Smart ရုံးတွင် ကျပ် ၁၂၅၀၀၀ ကိုပေးခဲ့ကြောင်း ၎င်းကပြောသည်။ SCL မှာကဲ့သို့ပင် ငွေပေးပြီးချိန်မှစပြီး ရင်းနှီးမြှုပ်နှံငွေနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားရတော့ပေ။
“SCL နဲ့ I Smart မှာ ငွေကြေးဆုံးရှုံးသွားတဲ့သူတွေ သံဖြူဇရပ်မှာ အရမ်းများတာပဲ။ အလိမ်ခံလိုက်ရပြီဆိုတဲ့လူအကြောင်းကို လူတိုင်းနီးပါး သိနေကြတယ်” ဟု မဇင်မာထွန်းက ပြောသည်။
မော်လမြိုင်ရှိ I Smart ၏ မူလရုံးနေရာမှာ ကမ္ဘောဇဘဏ်ခွဲဘေးရှိ ဈေးဆိုင်တစ်ဆိုင်တွင်ဖြစ်ပြီး တက္ကသိုလ် ကျောင်းနှင့်လည်း နီးသည်။ ရေးနှင့် သံဖြူဇရပ်မှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ကြသည့်အတွက် ယခုနှစ်နှစ်ဦးပိုင်းက ၎င်းအဆောက်အအုံတွင် လူများပျားပန်းခတ်မျှ စည်ကားခဲ့ကြောင်း အနီးတွင်ကွမ်းယာဆိုင်ဖွင့်ထားသူ ကိုဗိုက်ပူကပြောသည်။
“ရွာလုံးကျွတ် မြို့တက်လာသလားတောင် အောက်မေ့ရတယ်။ ဒါပေမယ့် သူတု့ိအလိမ်ခံရတာ ကျွန်တော်တော့မအံ့သြပါဘူး။ ကုမ္ပဏီနဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိနေတယ်ဆိုတာကို လူတိုင်းသိနေကြတဲ့ဥစ္စာ။ မယုံနိုင်လောက်အောင် ကောင်းလွန်းနေတာကိုး” ဟု သူကပြောသည်။
Frontier က ဆက်သွယ်မေးမြန်းသောအခါ သူကိုယ်တိုင်လည်း သားကောင်ဖြစ်ခဲ့ရသည်ဟု ဦအောင်ဇော်ထက်က ပုံဖေါ် ပြောကြားသည်။ SCL တွင် သူလည်း ဒေါ်လာ ၂၀,၀၀၀ ဆုံးရှုံးခဲ့ရသည်ဟု သူကပြောကြားသည်။
“ကျွန်တော်က SCL အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် ဘယ်သူ့ကိုမှ ကျွန်တော်မလိမ်ခဲ့ပါဘူး။ ကျွန်တော့်လိုပဲ SCL ရဲ့ လိမ်လည်တာကိုခံခဲ့ရတဲ့ သံဖြူဇရပ်ကလူတွေရဲ့ ငွေတွေပြန်ရဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်” ဟု သူက ပြောသည်။
I Smart အကြောင်းနှင့် SCL ၏သားကောင်များကို ယင်းကုမ္ပဏီက လိမ်လည်ခဲ့သည့်ဆိုသည့်အကြောင်းကိုမေးသော အခါ ယင်းသတင်းကို Frontier အား မည်သူကပြောကြာခဲ့သည်ကို သိလိုသည်ဟု သူက ပြန်လည်မေးမြန်းခဲ့သည်။ သတင်းပေးသူ အမည်ကို ထုတ်ဖေါ်ရန် ကျွန်တော်တို့က ငြင်းဆိုသောအခါ စွပ်စွဲချက်များကို သတင်းအဖြစ် ဖေါ်ပြပါက “မြေမြိုလိမ့်မယ်နော်” ဟု ခြိမ်းခြောက်ပြီး ဖေါ်ပြခြင်းမပြုရန်သွေးဆောင်ခဲ့လေသည်။
ရိုက်စားခွင်၏ ဖြစ်စဉ်
SCL Club Facebook အုပ်စုတွင်ဖေါ်ပြသော ပို့စ်များကိုအခြေခံ၍ စဉ်စားမည်ဆိုပါက သူတို့ကို ကတိပေးထားသောငွေကြေး “ယူနစ်များ” ကို သူတို့ငွေစာရင်းများသို့ ပေးသွင်းခြင်းမရှိသည်ကို ဖေါက်သည်များက သတိထားမိသောအချိန်ဖြစ်သည့် ဖေဖေါ်ဝါရီလ နှောင်းပိုင်းလောက်က စတင်ပြီး သံသယဝင်လာကြပုံရလေသည်။ (ကုမ္ပဏီသည် ငွေသားနှင့် ယူနစ်များကို ရောနှောပေးချေပေးသည်။ ဘဏ်မှတစ်ဆင့် ငွေသားကိုလွှဲပေးပြီး တစ်ဒေါ်လာနှင့် ညီမျှသော ယူနစ်များကို နောက်ပိုင်းတွင် ငွေသားဖြင့် ပြန်လည်ထုတ်ပေးသည်။) ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရောင်းချပေးနေသော ဖေ့စ်ဘုတ်အသုံးပြုသူဘိုမြင့်လွင်က အမှားအယွင်း တစ်စုံတစ်ရာမရှိကြောင်း အာမခံချက်ပေးခဲ့သည်။ SCL က ရိုက်စားလုပ်နေသည်ဟူသော စွပ်စွဲချက်များမှာ ၎င်း၏ လုပ်ငန်း “ပိုမိုနာမည်ရလာသည့်” အတွက်ကြောင့်သာဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က တင်သောသူ၏ ပို့စ်တစ်ခုတွင်ဖေါ်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဖေ့စ်ဘုတ်အသုံးပြုသူတို့က စတင်မေးခွန်ထုတ်လာကြပြီး သတင်းများကို စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြသည်။ မတ် ၁၀ ရက်နေ့၊ သောြင်္ကာနေ့တွင် SCL Myanmar ၏ ရုံးခန်းပိတ်ခဲ့သည်။ မိမိတို့၏ ငွေများကို ထုတ်ယူလိုသူများသည် တနင်္လာနေ့တွင် ထုတ်ယူနိုင်ကြောင်းနှင့် လူကိုယ်တိုင်မထုတ်နိုင်ပါက SCL Myanmar က ဘဏ်မှတစ်ဆင့် ယင်းတို့ထံသို့ လွှဲပေးမည်ဖြစ်ကြောင်း အကြောင်းကြားစာကို ရုံးတံခါးတွင် တိတ်ဖြင့်ကပ်ထားခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် ငွေရောက်မလာခဲ့ပေ။ မတ် ၁၅ ရက်နေ့တွင် အုပ်စုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပိုးဝေဖြိုးက ၎င်း SCL Myanmar ရုံးသို့ သွားရောက်ခဲ့ကြောင်းနှင့် ဆာဗာကို update လုပ်နေသည့်အတွက် ငွေလွှဲ၍မရခြင်းဖြစ်သည်ဟု ၎င်းအား ပြောကြားလိုက်ကြောင်း သတင်းပေးခဲ့သည်။ ထိုင်းနိုင်ငံဘက်ရှိ ရုံးမှ ငွေမလွှဲသေးသည့်အတွက် ရင်းနှီးမြှုပ်နှံသူတို့၏ ငွေများကိုထုတ်ယူ၍ မရသေးခြင်းဖြစ်ကြောင်းနှင့် လာမည့် သောြင်္ကာနေ့တွင် ရနိုင်ဖွယ်ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
နောက်တစ်နေ့တွင် အဆိုပါအဖွဲ့ဝင်ကပင် SCL Myanmar ၏ “ခေါင်းဆောင်နှင့် မန်နေဂျင်းဒါရိုက်တာ”တို့နှင့် အွန်လိုင်းမှ စကားပြောဆိုပြီး ရင်းနှီးမြှုပ်နှံထားသူများ၏ ငွေများပြန်ရမည်ဟုပြောနေသောပုံတို့ကို အွန်လိုင်းတွင် တင်ပေးခဲ့သည်။
သို့သော်လည်း သူတို့ အလိမ်ခံလိုက်ရပြီဖြစ်ကြောင်း ထိုအချိန်တွင် အားလုံးက သဘောပေါက် သိမြင်နေကြပြီဖြစ်သည်။ စောစောပိုင်းက သူတို့ငွေများ လုံခြုံစိတ်ချရကြောင်း ပြောကြားခဲ့သူ ဘိုမြင့်လွင် ကိုယ်တိုင်ပင်လျှင် လေသံပြောင်းလာခဲ့သည်။ SCL နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူအချို့သည် ယခုအခါ I Smart အဖြစ် ဆောင်ရွက်နေကြကြောင်း ဧပြီလစောစောပိုင်းတွင် သူက သတင်းပေးခဲ့သည်။
စိတ်ခံစားမှုကို အကောင်းဆုံး စုစည်းပုံပေါ်ပေးလိုက်သည့် ပို့စ်မှာ အတိုဆုံးပို့စ်ကလေးတစ်ခုဖြစ်သည်။ “ဒီလ ထီပေါက်မယ့်သူ” ဟူသောအမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက ဧပြီ ၂၈ ရက်နေ့တွင် တင်ထားသော ပို့စ်ဖြစ်သည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဖေါ်ပြသောစတေးတပ်မှာ သုံးလုံးမျှသာဖြစ်သည်။ ထိုပို့စ်မှာ “S.C.L” တဲ့။
အစိုးရက အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် ဝန်ကြီးဒေါသထွက်
SCL ရိုက်စားခွင်ကြောင့် အစိုးရအာဏာပိုင်များအတွက် အငိုက်မိ၊ အကျပ်ရိုက်သည့် အခြေအနေကိုရောက်ရှိစေခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုများအား အလေးပေးဆောင်ရွက်မှု မရှိသည်ကို ပြသလျက်ရှိသည်။ SCL အကြောင်းသတင်းက အစိုးရအဖွဲ့အောက်ခြေအဆင့်တွင် လပေါင်းများစွာ ပျံ့နှံ့လျက်ရှိသော်လည်း ထိရောက်သော အရေးယူဆောင်ရွက်မှုမရှိခဲ့ပေ။ SCL သည် ရှယ်ယာများကို တရားမဝင်ရောင်းချနေသည်ဟု ယူဆရကြောင်း ဖေဖေါ်ဝါရီပထမပတ်မှစ၍ ပြည်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သူ့ဝန်ကြီးဌာနထ့ အကြောင်းကြားထားကြောင်း ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက Frontier ကိုပြောသည်။ မတ် ၂၄ ရက်နေ့တွင် သူ့ဝန်ကြီးဌာနက ပြည်ထောင်စုအဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံ ယင်းကိစ္စကို အစီရင်ခံခဲ့သည်။ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ရှယ်ယာများနှင့် အာမခံစာချုပ်စာတမ်းများ ရောင်းချမှုကို ကြီးကြပ်ရသော မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်(SECM)တို့ထံ ဆက်လက်အကြောင်းကြားရန်အတွက် နောက်ထပ်နှစ်လ ထပ်မံကြာမြင့်ခဲ့သည်။
အစိုးရက အရေးယူခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသောအကျိုးဆက်များက ဆိုးရွားလှသည်။ SCL ရိုက် စားခွင်ကို ကြိုးကိုင်ချယ်လှယ်ခဲ့သူများအား စတင်လှုပ်ရှားချိန်ကတည်းက ဖမ်းဆီးနိုင်သည့်အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရုံသာမက ထိုအကျိုးဆက်ကြောင့် ငွေကြေးဆုံးရှုံးရသူ အရေအတွက် ပိုမိုတိုးလာစေခဲ့သည်။
SCL ကိစ္စအား တင်ပြချိန်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုမရှိသေးကြောင်း သိရသောအခါ (ပြည်ထောင်စု)ဝန်ကြီး ဦးကျော်ဝင်းမှာ “အပြင်းအထန်ဒေါသထွက်” ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ကြီးကြပ်ရေးဌာန ယာယီညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးကပြောကြားသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများ၊ ရဲတပ်ဖွဲ့ဌာနခွဲ အမျိုးမျိုးနှင့် မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင် (SECM) တို့အကြား ပေါင်းစပ်ညှိနှိုင်းမှု အနည်းငယ်၊ သို့မဟုတ် လုံးဝမရှိသည့်အတွက် လုပ်ငန်း