မြစ်ကြီးနား
ဘိန်းခင်းများအား ဖျက်ဆီးရန် သွားရောက်စဉ် တိုက်ခိုက်ခံရသည့် ပတ်ဂျာဆန်အဖွဲ့က ဘိန်းခင်းများ ဆက်လက် ဖျက်ဆီးမည့် အစီအစဉ်ကို ရပ်ဆိုင်းထားသည်ဟု အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသွားသော ပက်ဂျာဆန်အဖွဲ့သားများသည် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကျန်အဖွဲ့သားများမှာ အနီးအနားရှိ မြို့နယ်များတွင် စခန်းချနေကာ အထက်မှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Lum Hkawng က အေအက်ဖ်ပီကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောသည်။
အဖွဲ့ခေါင်းဆောင်များသည် ဒေသအာဏာပိုင်များနှင့် ဆွေးနွေးနေသည်ဟု ၎င်းကပြောသည်။ ဒေသအာဏာပိုင်များသည် ပတ်ဂျာဆန်အဖွဲ့ဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု စွတ်စွဲခံထားရသည်။
“ကျွန်တော်တို့ ဆက်သွားမယ်၊ မသွားဘူးဆိုတာကို မပြောနိုင်သေးပါဘူး” ဟု Lum Hkawng က ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လက်နက်ကိုင် လူတစ်စုက သေနတ်၊ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရဖြင့် ပတ်ဂျာဆန်အဖွဲ့သား ၃၂ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု 7 Day သတင်းစာက ရေးသားထားသည်။ ထိုသို့တိုက်ခိုက်ခံခဲ့ရသည့်အမှုအား ကချင်ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေး ဖော်ထုတ်သွားမည်ဟု သိရသည်။
ကချင်ပြည်နယ် တောင်တန်းများပေါ်တွင် စိုက်ပျိုးထားသည့် ဘိန်းခင်းများကို ခရစ်ယာန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ တစ်ခုဖြစ်သည့် ပတ်ဂျာဆန်အဖွဲ့ဝင် ၃,၀၀၀ ခန့်က ဖျက်ဆီးရန် သွားရောက်စဉ် ဘိန်းစိုက်တောင်သူများနှင့် ပဋ္ဋိပက္ခများ ဖြစ်ပွားမည်ကို စိုးရိမ်သည်ဟုဆိုကာ တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဝိုင်းမော်မြို့အနီးတွင် ရက်ပေါင်းများစွာ ပိတ်ဆို့တားဆီးထားခဲ့သည်။
အဖွဲ့ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးပြီးနောက် ဝိုင်းမော်မြို့အနီးတွင် စခန်းချ စောင့်ဆိုင်းနေသည့် ပတ်ဂျာဆန်အဖွဲ့အား ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဆက်လက်ထွက်ခွာခွင့် ပြုခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖကန်နစ္စတန်ပြီးလ ျှင် ဒုတိယမြောက် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။၂၀၁၁ ခုနှစ်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ဆင်းရဲပြီး တောင်ကုန်းတောင်တန်း ထူထပ်သော ကချင်ပြည်နယ်တွင် ဘိန်းနှင့် စိတ်ကြွဆေးများ အများအပြား ထွက်ရှိနေသည်။
ထို့ကြောင့် ဒေသတွင်းတွင် မူးယစ်ဆေးစွဲသည့် ပြဿနာမှာလည်း ကြီးထွားနေသည်။ Kachin Baptic Church က ဖွဲ့စည်းထားသည့် ပတ်ဂျာဆန်အဖွဲ့က အဆိုပါ မူးယစ်ဆေးပြဿနာကို ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး လိုအပ်လ ျှင် အင်အားသုံး ဆောင်ရွက်မည်ဟု ဆိုသည်။
၎င်းတို့၏ တင်းတင်းမာမာ ဆောင်ရွက်မှုများသည် ထောက်ခံမှုများ ရရှိနေသော်လည်း လူမျိုးရေး ပြဿနာများရှိနေသည့် ဒေသတွင်း ၎င်းတို့ လုပ်ရပ်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။
ဒေသတွင်းရှိ ဆင်းရဲသည့် တောင်သူများသည် ဘိန်းမှလွဲပြီး အခြားသီးနှံများ အစားထိုး စိုက်ပျိုးရန် ရွေးချယ်စရာ မရှိကြပေ။
သတင်း- Frontier