တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ ဗလီတစ်ခုအတွင်းစကားလက်ဆုံကျနေသောမြင်ကွင်းမှာရှားတောင့်ရှားခဲမြင်ကွင်းတစ်ခုဖြစ်သည်။ ဘာသာရေးနှင့်ပတ်သက်လျှင်ဗုဒ္ဓဘာသာကိုထိန်းသိမ်းစောင့်ရှောက်သောဆရာတော်ကြီးများနှင့်သာ မြင်ရလေ့ရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရက်ပေါင်းနှစ်ဆယ်အတွင်း ဗလီနှစ်ခုနှင့်ဘုရားကျောင်းနှစ်ခုသို့ အလှူသွားလုပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်း ကိုးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် သြဂုတ်၂၅ရက်က နေပြည်တော်၊ပျဉ်းမနားရှိ ဦးကျေးဂျာမေ့ဗလီနှင့် စိန့်မိုက်ကယ်ကက်သလစ်ဘုရားကျောင်းသို့သွားရောက်ပြီးအလှူအတန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၁ ရက်ကလည်း မန္တလေးမြို့ရှိ သမိုင်းဝင် ဂျွမ်းဗလီနှင့်ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းသို့သွားရောက်ပြီး လှူဒါန်းမှုများပြုလုပ်ခဲ့သည်။တစ်ရက်ထဲမှာပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီးထံသွားရောက်ဖူးမျှော်ခဲ့ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်ကာ မစိုးရိမ်ကျောင်းတိုက်သို့လည်း သွားရောက်အလှူအတန်းပြုလုပ်ခဲ့သည်။
“ဘယ်ဘာသာမှာမဆို အလှူနဲ့ပတ်သက်ရင် ကောင်းမွန်တဲ့အကျိုးရရှိမယ်လို့ဖော်ပြထားပါတယ်”ဟု ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကပြောသည်။
ဂျွန်းဗလီမှ အထွက်တွင် “ဗိုလ်ချုပ်မှုးကြီးကျန်းမာပါစေ”ဟူသော ဆုတောင်းစကားသံများကို တပ်ချုပ်ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ များဖြစ်ပြီး ၄ ရာခိုင်နှုန်းကျော်သည် အစ္စလာမ်ဘာသာကိုးကွယ်ကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများစွာရှိကြောင်းတပ်ချုပ်ကပြောသည်။
“ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေစတဲ့ မလိုလားအပ်တဲ့ အကြောင်းကိစ္စတွေ မဖြစ်စေလိုဘူး”ဟု ဗိုလ်ချုပ်မှုးကြီးကပြောသည်။
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ တစ်မိုးအောက်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ရန် တာဝန်ကိုယ်စီရှိကြောင်း ၎င်းကဆိုသည်။
ရာထူးမှအနားယူပါက နိုင်ငံရေးလောကသို့ဝင်မည်ဟု ထင်ကြေးပေးခံရလေ့ရှိသူ ဗိုလ်ချုပ်မှုးကြီးသည် ၂၀၂၀ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မထင်မှတ်သည့်ကိစ္စများလုပ်ပြခြင်းမှာ ပြည်တွင်းနိုင်ငံရေးအတွက်မဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များကသုံးသပ်သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)တင်ရန် ဖိအားပေးမှုနှင့် အမေရိကန်၏အရေးယူပိတ်ဆို့မှုများဖြစ်ပေါ်နေသည့်အခင်းအကျင်းတွင် နိုင်ငံတကာဖိအားနှင့်နိုင်ငံတကာဆက်ဆံရေးအတွက် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမြတ်သူက ပြောသည်။
“ဒါက တစ်ချက်ခုတ်သုံးချက်ပြတ် သိပ်လှတဲ့အကွက်ပဲ”ဟု တပ်ချုပ်၏ ဘာသာရေးအဆောက်အအုံများသို့သွားရောက်လှူဒါန်းမှုအပေါ် ၎င်းကသုံးသပ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုသကဲ့သို့ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုထားသည်။
ထိုသို့အသိအမှတ်ပြုထားကြောင်းကိုလည်း တပ်ချုပ်က ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
တပ်ချုပ်၏ ဘာသာပေါင်းစုံ အလှူအတန်းပြုမှုအပေါ်“နိုင်ငံတကာက စွပ်စွဲမှုတွေရှိနေတဲ့အချိန်မှာ ပုံရိပ်ကောင်းအောင်လုပ်တာပေါ့”ဟု တပ်မတော်တွင်တာဝန်ထမ်းဆောင်ဖူးသည့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကသုံးသပ်သည်။
တပ်ချုပ်၊ဒုတပ်ချုပ်နှင့်၎င်းတို့၏မိသားစုဝင်များကို အမေရိကန်သို့သွားလာခွင့်ပိတ်ပင်ကြောင်း ဇူလိုင်လက အမေရိကန်အစိုးရက ကြေညာထားသည်။
လွန်ခဲ့သည့်နှစ်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်၏ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး”ဆောင်ရွက်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များအပေါ် အပြည့်အဝစုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ကြိုးပမ်းနေသည်။
သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွင်မြန်မာ၏မဟာမိတ် ရုရှားနှင့်တရုတ်တို့ရှိနေ၍ မြန်မာဗိုလ်ချုပ်ကြီးများ အိုင်စီစီတရားခွင်သို့ ရောက်လာနိုင်ဖွယ်မရှိကြောင်း ကုလအထူးကိုယ်စားလှယ် ယန်ဟီလီ က ယမန်နှစ်အတွင်းက ပြောကြားထားသည်။
“အိုင်စီစီဆိုတာက ဝင်ဖမ်းလို့မရပေမယ့် ဒါကြီးက သေတဲ့အထိ Pressureကြီးလေ”ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမြတ်သူက ပြောသည်။
တပ်ချုပ်၏ လုပ်ဆောင်မှုမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း)က အာဆာအကြမ်းဖက်အဖွဲ့ကို နိုင်ငံလုံခြုံရေးအတွက်တိုက်ခြင်းဖြစ်ပြီး နိုင်ငံ၏အခြားနေရာများမှ အစ္စလမ်ဘာသာဝင်များ စိုးရိမ်စရာ မရှိကြောင်းသတင်းစကားပါးခြင်းဟု ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကသုံးသပ်သည်။
“အိုင်စီစီကြောင့်မဟုတ်ပါဘူး။ ဒီလို လှူပြလို့ အိုင်စီစီ သဘောထားပြောင်းမှာမဟုတ်ဘူးဆိုတာ လူတိုင်း သိနေတာပဲ”ဟု ၎င်းကပြောသည်။
မည်သည့်ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်စေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခြေခံဥပဒေအရအသိအမှတ်ပြုထားသည့်ဘာသာရေးအသိုက်အဝန်းများနှင့်တွေ့ဆုံမှုကိုကြိုဆို ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကပြောသည်။
“နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေအနေနဲ့က ဒီလိုနွေးနွေးထွေးထွေးဆက်ဆံပေးခြင်းက ကောင်းမွန်တဲ့ ဓလေ့တစ်ခုပါ”ဟု ၎င်းကပြောသည်။