နေပြည်တော်၊ ဇန်နဝါရီ ၂၅
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြစဉ်။ ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖေ့ဘုတ်ခ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများစု အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်တွင် ဒုတိယအကြိမ် သီးခြားတွေ့ဆုံခဲ့ကြသည်။
ယနေ့မွန်းလွဲ ၂ နာရီမှ စတင်ကာ နှစ်နာရီကျော်ကြာ ဆွေးနွေးမှုတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရ ဖွဲ့စည်းရေး ဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့ဘုတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
တွေ့ဆုံမှုတွင် တပ်မတော်ဘက်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့လည်း တက်ရောက်ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း သီးသန့် တွေ့ဆုံခဲ့ကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ အကြိုကာလက လွတ်လပ်ပြီး တရားမျှတမှုရှိရမည်ဟု ပြောဆိုခဲ့သလို နောင်အစိုးရနှင့်လည်း တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲလွန်ကာလများတွင် ပြည်သူများ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်း လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အစိုးရအဖွဲ့တွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများကို တိုက်ရိုက်ခန့်အပ်နိုင်သလို လွှတ်တော်တွင်းသို့ ကာကွယ်ရေး ဦးစီးချုပ်က စေလွှတ်ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားသည်။
လက်ရှိလွှတ်တော်၏ သက်တမ်းသည် ယခုလကုန်တွင် ပြီးဆုံးမည်ဖြစ်ကာ လွှတ်တော်အသစ်များသည် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်တော့မည်ဖြစ်သည်။ လွှတ်တော်အသစ်များတွင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အသစ်များက သမ္မတနှင် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ကာ အစိုးရသစ်ဖွဲ့ရေး ဆောင်ရွက်ရတော့မည် ဖြစ်သည်။
သတင်း- ဆန်းဦး