တပ်မတော်အား လုပ်ပိုင်ခွင့် အများအပြားပေးအပ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုအား ထောက်ခံသည့် ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ်၌ ကျင်းပခဲ့ရာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက အခြေခံဥပဒေအား ပြင်ဆင်ရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
တပ်မတော်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ကော်မတီတစ်ခု ဖွဲ့စည်းခဲ့အပြီးတွင် ယခုကဲ့သို့ ထောက်ခံပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့ ထိရှလွယ်သည့် ကိစ္စတစ်ခုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မည်သူမှ မထင်မှတ်သည့်အချိန်၌ ရုတ်တရက် စတင်ခဲ့သည်။
ဓာတ်ပုံ-သူရဇော်
မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပသည့် လူထုဆန္ဒထုတ်ဖော်ပွဲတွင် တေးဂီတဖျော်ဖြေမှုများ၊ ပြင်ဆင်ရေးထောက်ခံသူများ၏ မိန့်ခွန်းပြောကြားမှုများ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရောင်ဖြစ်သည့် အနီရောင် ခေါင်းစီးများအား စီးထားကြသူများက “#WeWantChanges” ဟု ရေးသားထားသည့် တီရှပ်များ ဝတ်ဆင်လာကြသည်။
“ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲထားတာမဟုတ်တဲ့ အခြေခံဥပဒေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ထင်ရှားသည့် ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက တက်ရောက်လာသူများအား ပြောကြားခဲ့သည်။
လူထုကိုယ်စားလှယ်များ ရေးဆွဲထားခြင်းမဟုတ်သည့် အခြေခံဥပဒေအား လက်မခံဟု ကိုမြအေးက ပြောကြားသည်။ ဓာတ်ပုံ-သူရဇော်
၂၀၀၈ ခုနှစ်တွင် စစ်အစိုးရက အတည်ပြုသွားသည့် ဖွဲ့စည်ပုံအခြေခံဥပဒေတွင် လုံခြုံရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများကို တပ်မတော်အား အပ်နှင်းထားသလို လွှတ်တော်တွင်း နေရာလေးပုံတစ်ပုံကိုလည်း တပ်မတော်အတွက် ပေးအပ်ထားသည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးအား လွှတ်တော်တွင်း၌ တားဆီးနိုင်သည့် အခွင့်အာဏာကို တပ်မတော်က ရရှိထားသည်။
“လက်ရှိအခြေခံဥပဒေက စစ်အစိုးရ အာဏာတည်မြဲရေးအတွက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အတိုင်ပင်ခံပုဂ္ဂိုလ် (ဒေါ်အောင်ဆန်းစုကြည်) ကို သမ္မတဖြစ်ခွင့်မပြုဖို့ ဖြစ်ပါတယ်” ဟု အသက် ၅၈ နှစ်အရွယ် ဦးသိန်းမြင့်ထွန်းက ပြောသည်။
သို့သော် ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်သာလိုတော့သဖြင့် ပြင်ဆင်ရန် “အလွန်နောက်ကျနေမည်” ကို စိုးရိမ်သည်ဟုလည်း ၎င်းကပြောသည်။
ဓာတ်ပုံ-သူရဇော်
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် ဆန္ဒပြပွဲတစ်ခုကို အမျိုးသားရေးလှုပ်ရှားသူများဟုဆိုသူများက ဦးဆောင်ကာ အဆိုပါနေရာ၌ပင် ကျင်းပခဲ့ကြသေးသည်။ ထိုဆန္ဒပြပွဲသို့ အမျိုးသားရေးလှုပ်ရှားသူ ဦးဝီရသူလည်း တက်ရောက်လာခဲ့သည်ကိုတွေ့ရပြီး ၎င်းတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်ဟု တောင်းဆိုခဲ့ကြသည်။
ယခုတစ်ကြိမ်တွင်မူ လူထုထောက်ခံပွဲ တက်ရောက်လာသူများက “နိုင်ငံအနာဂတ်လှပရေး ၂၀၀၈ ခြေ။ဥ အမြင်ပြင်ပေး” ဟူသည့် ကြွေးကြော်သံများအား ဟစ်ကြွေးခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို ထောက်ခံကြောင်း လက်မှတ်ကောက်ခံခြင်း၊ စတစ်ကာလှုပ်ရှားမှု ပြုလုပ်ခြင်းတို့ပါ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ထောက်ခံပွဲသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးလည်း တက်ရောက်လာခဲ့သည်ကို တွေ့ရသည်။ ထောက်ခံပွဲကျင်းပနေစဉ် ၎င်းက မြို့တော်ခန်းမတွင်းမှ ထွက်လာပြီး လူအုပ်ကြားထဲသို့ လာရောက် ပူးပေါင်းခဲ့သည်။
ထောက်ခံပွဲသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးလည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ
သို့သော် အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုများကို တပ်မတော်က မည်သို့တုန့်ပြန်မည်ဆိုသည်ကို အလွန်ပူပန်နေသည်ဟု ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အရာရှိများက “ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရ” အား ပြောင်းလဲစေမည့် မည်သည့် ပြင်ဆင်မှုများကိုမဆို လက်ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ပညာရှင်တစ်ဦးဖြစ်သူ Melissa Crouch က နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်တိုက်ခိုက်နေသောကြောင့် တပ်မတော်အနေဖြင့် “ခေါင်းဆောင်သည့် အခန်းကဏ္ဍ” မှ ပါဝင်နေခြင်းကို “အဓိက အနှစ်သာရ” ဟု ဆိုလိုခြင်းဖြစ်သည်ဟု အေအက်ဖ်ပီကို ပြောကြားသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားမှု မရှိတော့တဲ့အချိန်အထိ စစ်တပ်အနေနဲ့ ပါဝင်နေဖို့ လိုအပ်နေဦးမယ်ဆိုတာ သူတို့က ရှင်းရှင်းလင်းလင်းပြောထားပြီး ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကျွမ်းကျင်သူလည်းဖြစ်ကာ New South Wales တက္ကသိုလ်၏ တွဲဖက်ဥပဒေပါမောက္ခဖြစ်သူ ၎င်းကပြောသည်။
ဓာတ်ပုံ-သူရဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် ကော်မတီအနေဖြင့် လုပ်ငန်းစဉ်များအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး ပြည်သူလူထုအား ပါဝင်ခွင့်ပြုသင့်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထောက်ခံပွဲတက်ရောက်လာသည့် ဦးမြင့်စိုးက ထိုအချက်ကို ထောက်ခံခဲ့သည်။
“ဒီကော်မတီက NLD အတွက်မဟုတ်ဘူး၊ အစိုးရအတွက်လည်း မဟုတ်ဘူး၊ လွှတ်တော်ထဲက အမတ်တွေအတွက်လည်း မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအားလုံးအတွက်ပါ” ဟု အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် ၎င်းကပြောသည်။
(အေအက်ဖ်ပီနှင့် Frontier)