နေပြည်တော်၊ ဧပြီ ၅
မစ္စတာဝမ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- အောင်ရှိုင်းဦး
မြန်မာနှင့် တရုတ်နိုင်ငံကြား ဖြစ်ပေါ်လာနိုင်သည့် ပြဿ နာများကို ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေရှင်းနိုင်မည်ဟု မေ ျှာ်လင့်ကြောင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ရောက်ရှိနေသည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက ယနေ့ ပြောကြားသည်။
”မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အကြီးစား စီမံကိန်းတွေဟာ အများစုက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ဒါဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း ပီသစွာ နေထိုင်ရင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ စေတနာကြီးကြီးနဲ့ အတူတကွ ဆောင်ရွက်နေတာဖြစ်ပါတယ်” ၎င်းက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မစ္စတာဝမ်ရီသည် သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး ဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးသစ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“စီးပွားရေးမှာ အကျိုးတူ ဆောင်ရွက်မှုတွေအတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့် စီမံကိန်းကြီး တချို့မှာ ရှိလာနိုင်တဲ့ ပြဿ နာတွေကို နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စတာဝမ်ရီက ပြောသည်။
”မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ပါဘူး။ မြန်မာပြည်သူတွေရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို ထောက်ခံပါတယ်။ အစိုးရသစ်ဟာ ရည်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ငြိမ်ချောမွေ့စွာ လျှောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ အားအကိုးရဆုံး စီးပွားဖက်နိုင်ငံ ဖြစ်ချင်ပါတယ်” ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှတ်နှံလုပ်ကိုင်နေသည့် လုပ်ငန်း အများစုမှာ ပြည်သူအများစု၏ ဝေဖန်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ကူမင်းသို့ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများမှာ ဝေဖန်မှုများ ကြုံတွေ့နေရသလို ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာလည်း ပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းထားခဲ့ရသည်။ ထို့ပြင် လက်ပံတောင်း ကြေးနီစီမံကိန်းမှာလည်း ပြည်သူများ၏ ကန့်ကွက်မှုကို ခံနေရသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် အာဏာရရှိလာသည့် လက်ရှိအစိုးရ လက်ထက်တွင် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ဖွယ်ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ သို့သော် ယခု နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မှာ မြန်မာအစိုးရသစ်ကို ဂုဏ်ပြုရန်သာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
”တခြားကိစ္စတွေ၊ စာချုပ်ကိစ္စတွေ ပြောတာမျိုး မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ခြင်းမရှိဟု ဆိုသည်။
“ကျွန်မတောင် မဖတ်ရသေးလို့ ပြည်သူလူထုကို ချပြဖို့ ခက်ပါတယ်။ ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ ဒီကိစ္စ ထည့်ပြောတာ မရှိပါဘူး။ ထူးထူးထွေထွေလည်း ဘာမှ မဆွေးနွေး ဖြစ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီးသစ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။ ၎င်းသည် သမ္မတဦးထင်ကျော်နှင့် ဧပြီ ၆ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်သည်။
သတင်း- စိုးသန်းလင်း