နေပြည်တော်၊ မတ် ၃၀
သမ္မတဦးထင်ကျော်နှင့်အတူ ဒေါ်စုစုလွင်ကို မတ်လ ဒုတိယပတ်က ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
သမ္မတသစ်အဖြစ် ယနေ့ကတိသစ္စာပြုကာ စတင်တာဝန်ယူလိုက်သည့် ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ယနေ့ နှုတ်ထွက်လိုက်ပြီဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ အနိုင်ရရှိခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခြင်း ဖြစ်သည်။
ထိုသို့ နှုတ်ထွက်လိုက်သဖြင့် ၎င်းတာဝန်ယူထားသော ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနေရာအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အစားထိုး ခန့်အပ်ရမည်ဖြစ်ရာ မတ် ၃၁ ရက်နေ့ အစည်းအဝေးတွင် အမည်စာရင်းတင်သွင်း လျာထားမည်ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ကာ First Lady အဖြစ်သာ နေထိုင်တော့မည့် ဒေါ်စုစုလွင်သည် အသက် ၆၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ထို့ပြင် ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဦးလွင်၏ သမီးလည်း ဖြစ်သည်။ ငယ်စဉ်က အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့ကာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကဖြင့် မဟာဝိဇ္ဖာဘွဲ့ ရရှိထားသူဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက အစိုးရသစ်လက်ထက် သက်တမ်းငါးနှစ်အတွင်း အားလုံးလက်လှမ်းမီသည့် ပညာရေးမျိုး ဖန်တီးပေးနိုင်အောင် အထူးလုပ်ဆောင်သွားမည်ဟု မတ်လဒုတိယပတ်က မြန်မာတိုင်း(မ်)နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
သတင်း- စိုးသန်းလင်း