နေပြည်တော်၊ မတ် ၂၁
ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
အစိုးရသစ်ဖွဲ့စည်းရေးတွက် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းများအား လွှတ်တော်သို့ တင်သွင်းအတည်အပြုမှုများကို မတ် ၂၅ ရက်နေ့ အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်တွင် ပြည်ထောင်စု ဝန်ကြီးဌာန ၂၁ ခုအတွက် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ထားရှိရန် သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်က တင်သွင်းခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းများအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရေးကို မတ် ၂၂ မှ ၂၅ ရက်နေ့အတွင်း အပြီးဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က မတ် ၂၀ ရက်နေ့က နေပြည်တော်တွင် ပြောကြားသည်။
ပြည်ထောင်စုအစိုးရဖွဲ့စည်းရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်အပ်ရေးတို့အတွက် ပါတီတွင်းဆွေးနွေးပြီး ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုနှင့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ထားရှိရသည့် အကြောင်းရင်းအား ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ရှင်းလင်း ပြောကြားမည် ဖြစ်သည်။
ယခင်အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုနှင့် ပြည်ထောင်စုဝန်ကြီး ၃၈ ဦးရှိခဲ့ရာမှ အရေအတွက်များ လေ ျှာ့ချဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ အနက် လုံခြုံရေးနှင့် သက်ဆိုင်သည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စုဝန်ကြီးများကို သမ္မတ၏ သဘောတူညီမှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့အား ခန့်အပ်ရန် ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုဖွယ်ရှိသည်ဟု ဘီဘီစီက ရေးသားထားသည်။
သတင်း- ဆန်းဦးနှင့် စိုးသန်းလင်း