ရန်ကုန်၊ ဧပြီ ၂၁
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အထိနာ ရှုံးနိမ့်ခဲ့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုညီလာခံကို လာမည့် ဇူလိုင်လအတွင်း ကျင်းပရန် လျာထားသည်ဟု ပါတီဝင်များက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ကျင်းပနေပြီး ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးလည်း ရောက်ရှိနေသည်ဟု ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူက Frontier ကို ပြောကြားသည်။ ထို့ပြင် ပါတီ၏ဗဟိုအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ဌေးတို့လည်း ရောက်ရှိနေပြီဖြစ်သည်။ ပါတီဝင်များမှာမူ ယနေ့တွင်မှ စတင်ရုံးတက်ခြင်းဖြစ်သည်။
“အသေအချာတော့ မပြောတတ်သေးဘူး။ နေပြည်တော်မှာတော့ အစည်းအဝေးတွေ ဒီနေ့စပြီ။ ဇူလိုင်လလောက်မှာ လုပ်ဖြစ်မယ်လို့ လျာထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးသာဝင်းက Frontier ကိုပြောသည်။
ပြည်ခိုင်ဖြိုးပါတီအနေနှင့် ‘ပြုပြင်ပြောင်းလဲရေးများလုပ်ေဆာင်သွားမည်’ ဟု ထင်မြင်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်၏ ယခင်က နိုင်ငံရေးအကြံပေးဖြစ်ခဲ့သူ၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ဆိုသည်။
အငြင်းပွားဖွယ်ရလာဒ်များနှင့်၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ပြည်လုံးကျွတ်ရွေးကောက်ပွဲများတွင် နေရာအများစုရှုံးနိမ့်ခဲ့သည်။
သမ္မတဟောင်းဦးသိန်းစိန်ကိုထောက်ခံသူများနှင့် ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းကိုထောက်ခံသူများအကြား အားပြိုင်ခဲ့ပြီး ပါတီတွင်းအကွဲအပြဲများလည်း လူသိရှင်ကြားဖြစ်ပွားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသည် ပြီးခဲ့သည့်နှစ် သြဂုတ်တွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီခေါင်းဆောင်ပိုင်းမှ ၁၂ ဦးကို ရာထူးမှဖယ်ရှားခဲ့သည်။ သူရဦးရွှေမန်းနေရာတွင် ဒုဥက္ကဋ္ဌဦးဌေးဦးအား ပူးတွဲဥက္ကဋ္ဌအဖြစ်အစားထိုးခဲ့ပြီး လူ ၅၀ ကျော်ပါဝင် သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။
သတင်း – ထွန်းခိုင် နှင့် မြတ်ကျော်သူ