ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ပုဂံရှိ ဘုရားပုထိုးနှင့် စေတီပစ္စယံများပေါ်သို့ ခရီးသွားများ တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။
ထိုသို့ တက်ရောက်ခွင့်ကို မတ် ၁ ရက်နေ့မှစတင်ပြီး ပိတ်ပင်တော့မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။
နိုင်ငံခြားသားများနှင့် မြန်မာအချို့ ပြသာဒ်ကြီးဘုရားပေါ်တွင် ကခုန်နေသည့် ရုပ်သံဗီဒီယိုတစ်ခု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လူမှုကွန်ယက်များတွင် ပြန့်နှံ့ ခဲ့သည့်အတွက် အကြီးအကျယ် ဝေဖန်မှုများ ပေါ်ပေါက်လာပြီးနောက် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိုကဲ့သို့တက်ရောက်ခွင့် တားမြစ်ကာ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိနေသည့် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်လာမည်ကို စိုးရိမ်မှုလာကြခြင်း ဖြစ်သည်။
အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်းတည်ဆောက်ထားသည့် ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံ အများအပြားရှိသော ပုဂံဒေသတွင် ဘုရားစေတီများပေါ်မှ နေဝင်ချိန်ရှုခင်း ကြည့်ရှုခြင်းသည် ပြည်တွင်း ပြည်ပခရီးသွားအကြားလွန်စွာ ရေပန်းစား လျက်ရှိသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၏ တားမြစ်ချက်ကြောင့် အရှိန်ရနေသည့် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ရပ်တန့်သွားမည်ကို စိုးရိမ်မိကြောင်း ပုဂံမှ ဝါရင့်ဧည့်လမ်းညွန် ဦးဇော်ဝင်းချိုက ပြောသည်။
“တိုးရစ်တွေက နေဝင်ဆည်းဆာကို ကြည့်ချင်လို့ လာကြတာ။ မကြည့်ရတော့ဘူးဆိုရင် ဒီကိုဘာလာလုပ်ကြတော့မလဲ” ဟု ၎င်းကပြောသည်။
ပုဂံဒေသ အနီးတစ်ဝိုက်ရှိ ကျေးရွာများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက မှီခိုနေရခြင်းဖြစ်ပြီး ခရီးသွား လာရောက်မှု လျော့ကျသွားပါက ခရီးသွားများအား ဈေးရောင်းချသူများ၊ လျပ်စစ်စက်ဘီးငှားရမ်း သူများ အပါအဝင် ခရီးသွား အခြေခံလုပ်ငန်းကို မှီခိုနေရသူများ အကြီးအကျယ် ဒုက္ခတွေ့နိုင်ကြောင်း စိုးရိမ်မှုများလည်း ရှိနေသည်။
“ပုဂံက ယဉ်ကျေးမှုဝန်ကြီးဌာနတစ်ခုတည်း ပိုင်တာမဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။ မြို့မိမြို့ဖတွေ၊ ခရီးသွားလုပ်ငန်းတွေကို တိုင်ပင်ပြီးမှ ဒီလိုကြေညာချက်ထုတ်သင့်ပါတယ်” ဟု ပုဂံတွင် နှစ်ပေါင်း ၂၀ ကျော် ဈေးရောင်း ချလာသည့် ကိုအောင်မင်းသန်းက ပြောသည်။
ယခင်ကတည်းက ပုဂံဒေသတွင် တည်ရှိနေသည့် ထောင်နှင့်ချီသောစေတီပုထိုးများထဲမှ ငါးဆူခန့်ကိုသာ ခရီးသွားများအား တက်ရောက်ခွင့် ပြုထားခြင်း ဖြစ်သည်။
ယခင်က ပုဂံဘုရားများပေါ်တွင် ညစာစားပွဲကျင်းပခြင်း၊ အရက်သေစာသောက်စားခြင်းတို့ ပြုလုပ်သည့် ခရီးသွားကုမ္ပဏီအချို့ကိုယဉ်ကျေးမှုဝန်ကြီးဌာနက ယခင်က ခေါ်ယူသတိပေးခဲ့ဖူးသော်လည်း ယခုကဲ့သို့ ဘုရားအားလုံး အပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ခရီးသွားလုပ်ငန်းအမြင်နဲ့ ယဉ်ကျေးမှုအမြင် မျှကြည့်သင့်တယ်။ တစ်ဘက်ဘက်ကိုစောင်းသွားရင် အခြားတစ်ဘက်ကို အကျိုးသက်ရောက်မှုကြီးနိုင်တယ်” ဟု ဦးဇော်ဝင်းချိုက ပြောသည်။
သတင်း- ထွန်းခိုင်