ပင်လုံ၊ ဖေဖော်ဝါရီ ၁၂
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ မိသားစု ဝင်အချို့က ပြောကြားကြပါတယ်။
ခေတ်အဆက်ဆက် အစိုးရတွေက စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားတာဟာ ဒါပထမဆုံးမို့ သူတို့အနေနဲ့ အလွန်ပဲ ဝမ်းသာရသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်တယ်လို့လည်း ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ကျောက်တိုင်ကွင်းမှာ ဒီနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ သူတို့က ပြောကြပါတယ်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ထားတဲ့လမ်းစဉ် အကောင်အထည်ပေါ်လိမ့်မယ်လို့ ယုံကြည်တယ်။ မျှော်လင့်ပါတယ်။ အကောင်အထည်ဖော်နိုင်ရင် အားလုံးလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်နိုင်ရင် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံကြီးဖြစ်ဖို့ အများကြီးပဲ မျှော်လင့်ပါတယ်”လို့ ကချင်ဒူဝါစောရစ်ရဲ့ ဇနီးဒေါ်ဂျာတောင်က Frontier ကို ပြောပါတယ်။
တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ရဲ့သား ဦးစောလင်ခမ်းကတော့ ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ဖို့ ရည်ရွယ်ချုပ်ဆိုခဲ့တာဖြစ်လို့ ဒါကိုလေးစားသောအားဖြင့် ပဋိပက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်းကြဖို့လိုပြီလို့ သတိပေးပါတယ်။
“ကျွန်တော့် အဖေကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝယုံကြည်ချက်အပြည့်နဲ့ စာချုပ်ချုပ်ခဲ့တယ်။ အခုလည်းပဲ ဗိုလ်ချုပ်ရဲ့သမီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေအတိုင်းပဲ ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် လုံးဝယုံတယ်”လို့လည်း ဦးစောလင်ခမ်းက Frontier ကိုပြောပါတယ်။
ဗြိတိသျှလက်အောက်ကနေ တောင်တန်း-ပြည်မ အတူပူးပေါင်းပြီး လွတ်လပ်ရေးရယူရာမှာ အထူးအရေးပါခဲ့တဲ့ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ကာ အခမ်းအနားတွေကျင်းပတာဟာ ဒီနေ့ဆိုရင် နှစ်ပေါင်း ၇၀ ပြည့်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရအဖွဲ့လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အခမ်းအနားကို ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာကို အထိမ်းအမှတ်ပြုထားတဲ့ ပင်လုံကျောက်တိုင်ကွင်းမှာ ကျင်းပတာဖြစ်ပါတယ်။
ပင်လုံကျောက်တိုင်ရှေ့တွင် ပင်လုံမိသားစုဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်
အခမ်းအနားရဲ့ အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုရဲ့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ပြည်ထောင်စုအဖြစ် ထူထောင်နိုင်ခဲ့တာကို ရည်ညွှန်းပြီး အခြေခံအုတ်မြစ်တွေကို ညိနှိုင်းခြင်း၊ တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်းတို့နဲ့ သဘောတူညီချက်ရယူခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သာဓကပြ ပြောကြားသွားပါတယ်။
“နိဂုံးချုပ်ဖို့တာဝန်ဟာ ကျွန်မတို့အပေါ် ကျရောက်နေပါပြီ” လို့လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။ သူဟာ လက်ရှိအချိန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပပြီး ငြိမ်းချမ်းရေးရဖို့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့ ဦးဆောင်မှုပေးနေသူလည်း ဖြစ်ပါတယ်။
အခမ်းနားအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြတဲ့ မိသားစုဝင်တွေကို လိုက်လံနှုတ်ဆက်ပြီး တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် ၁၂ ဦးနဲ့ အတူ ငြိမ်းချမ်းရေးစကားဝိုင်းတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း