အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
နေပြည်တော်၊ ဇန်နဝါရီ ၂၀
တရားဥပဒေစိုးမိုးမှသာ နိုင်ငံသားများ စိတ်လုံခြုံမှု ရရှိနိုင်ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မည်ဟု ဇန်နဝါရီ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (Myanmar Independence Lawyers Association) တရားဝင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မ တရားဥပဒေစိုးမိုးရေးကို အင်မတန်မှ လိုလားတယ်ဆိုတာဟာ တရားဥပဒေ စိုးမိုးရေးရှိမှ ဒီနိုင်ငံက နိုင်ငံသူ နိုင်ငံသားတွေဟာ စိတ်လုံခြုံမှု ရှိနိုင်မှာပါ။ နိုင်ငံသူ နိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိမှသာလျှင် နိုင်ငံရဲ့ သိက္ခာကို ကျွန်မတို့ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ စိတ်လုံခြုံမှုမရှိတဲ့ နိုင်ငံဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ နိုင်ငံလို့ ကျွန်မတို့ ပြောရမှာပါ။ ဒီတော့ တရားဥပဒေ စိုးမိုးရေးအတွက်ဆိုရင် ကျွန်မတို့က တောင့်တင်းခိုင်မာတဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ လိုပါတယ်” ဟု ၎င်းကပြောကြားသည်။
အဆိုပါ ဖွင့်ပွဲသို့တစ်နိုင်ငံလုံးမှ ရှေ့နေပညာရှင် ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး နိုင်ငံတကာ ရှေ့နေအသင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး Dr Mark Ellis၊ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ဦးဆောင်ကော်မတီဝင် ဦးကျော်ဇေယျနှင့် နိုင်ငံတကာရှေ့နေများအသင်း ဥက္ကဋ္ဌ Mr. David W. Rivkin တို့လည်း အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
“ဥပဒေနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ ဆိုတာဟာ ကျွန်မတို့
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
လွှတ်တော်တစ်ခုတည်းနဲ့လည်း မပြီးပါဘူး။ ကျွန်မတို့ တရားစီရင်ရေး တရားရုံးတွေနဲ့လည်း မပြီးပါဘူး။ အင်မတန်မှ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည် ပြည့်စုံတဲ့ ကျွန်မတို့ ဥပဒေပညာရှင်များ လိုပါတယ်။ ဒီဥပဒေ ပညာရှင်တွေ ဖြစ်ပေါ်ဖို့ဆိုတာဟာတော့ ပညာရေးစနစ်နဲ့ပဲ ဆိုင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အားလုံးသိတဲ့အတိုင်းပဲ မြန်မာနိုင်ငံဟာဆိုရင် ဥပဒေပညာကို အလေးမထားခဲ့တာ၊ တန်ဖိုးမထားခဲ့တာ တော်တော်ကြာပါပြီ။ ဥပဒေကျောင်းသားတွေ၊ ဥပဒေပညာ သင်နေတဲ့ ကျောင်းသားတွေဆိုရင် လူတွေက အထင်မကြီးကြပါဘူး။ ဒါဟာ အရင်တစ်ချိန်တစ်ခါတုန်းက ကျွန်မတို့ လွတ်လပ်ရေး ရစဉ်အခါတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ အများကြီး ကွာခြားသွားတာ ဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းကဆို ကျွန်မတို့ ဥပဒေပညာရှင်တွေကို အင်မတန်မှ လေးစားတယ်၊ တန်ဖိုးထားတယ်။ ကျွန်မတို့ရဲ့ တရားသူကြီးတွေဆိုရင် ကျွန်မတို့ အင်မတန်မှ လေးစားလွန်းလို့ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် အကြောင်းကြောင်းကြောင့် နိုင်ငံတော်သမ္မတကနေပြီးတော့ တာဝန်ဆက်ပြီးတော့ မထမ်းဆောင်နိုင်လို့ရှိရင် တရားသူကြီးချုပ်ကနေပြီးတော့ ဒီတာဝန်ကို ယာယီထမ်းဆောင်ရမယ်ဆိုပြီးတော့ ကျွန်မတို့ သတ်မှတ်ခဲ့တာဟာ ဘယ်လောက် ကျွန်မတို့နိုင်ငံဟာ ဒီဥပဒေ အဆောက်အအုံထဲမှာပါတဲ့ ကျွန်မတို့ရဲ့ တရားသူကြီးတွေကို အားကိုးတယ်၊ ယုံကြည် တယ်ဆိုတာကို ပြနေခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ ဒီအခြေအနေတွေဟာ အများကြီးပြောင်းသွားပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပြောင်းသွားပါပြီ” ဟုလည်း ၎င်းကပြောသည်။
“အခု ကျွန်မတို့ဟာ ပြန်ပြီးတော့ ပြောင်းဖို့အတွက်၊ ပြန်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေကို ဖြစ်ဖို့အတွက် လုပ်နိုင်ဖို့ အခွင့်အရေးအများကြီးရခဲ့ပါပြီ။ ဒီအခွင့်အရေးရဖို့အတွက် ဒီ ILAM အသင်းကြီးကနေပြီးတော့ ကျွန်မတို့ရဲ့ ရှေ့နေတွေကို အများကြီး ကူညီပေးခဲ့ပါတယ်။ အခုအရေးကြီးတာကတော့ ကျွန်မတို့ ဥပဒေပညာရှင်တွေက ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ILAM က အမြဲတစေ ဆက်ပြီးတော့ ကျွန်မတို့ကို ကူညီနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ကိုယ်တိုင် ကျွန်မတို့ ကူညီချင်တဲ့ စိတ်၊ ကျွန်မတို့နိုင်ငံနဲ့ သင့်တော်တဲ့ တရားဥပဒေပညာရှင်များ၊ ကျွန်မတို့နိုင်ငံနဲ့ သင့်တော်တဲ့ ဥပဒေများ၊ အဆောက်အအုံများ၊ အခင်းအကျင်းများ တည်ဆေက်ဖို့ဆိုတာကတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ တာဝန်ပါပဲ။ အဲဒီတာဝန်ကိုတော့ ရဲရဲဝံ့ဝံ့နဲ့ ညီညီညွတ်ညွတ်နဲ့ ထမ်းဆောင်စေချင်ပါတယ်။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မှ အောင်မြင်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း၏ ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော် Kempaski ဟိုတယ်တွင် ဇန်နဝါရီ ၂၀ မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးရလဒ်များကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။
သတင်း- စိုးသန်းလင်း