ဟိန်းသာ
ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့်မွေးနေ့အတွက် မြန်မာနိုင်ငံရှိ မြို့အသီးသီးတွင် မွေးနေ့ ဆုတောင်းပွဲများ၊ ဂုဏ်ပြုပွဲများကို ပြည်သူများက ကျင်းပခဲ့ကြသည်။
ယနေ့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၌ လူပေါင်း ၇၄၀ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကားချပ်များဖြင့် စုပေါင်းပုံဖော်ကာ ဆုတောင်းခဲ့ကြသည်။ ထိုအခမ်းအနားသို့ လူပေါင်း ၁,၀၀၀ ကျော်လာရောက်ခဲ့ကြသည်။
ထို့ပြင် ယနေ့ညပိုင်းတွင်လည်း ဗိုလ်တစ်ထောင်ဘုရား၌ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆီမီး ၇၄၀ ပူဇော်ဆုတောင်းပွဲကို ပြည်သူများက ပြုလုပ်သွားမည်ဖြစ်သည်။
မန္တလေးမြို့တွင် ယနေ့ဖွင့်လှစ်လိုက်သော လမ်းအသစ်ကို ဒေါ်အောင်ဆန်းစုကြည်လမ်းဟု ပြည်သူများက ဂုဏ်ပြုအမည်ပေးခဲ့ကြသည်။ တပ်ပိုင်မြေအဖြစ်မှစွန့်လွှတ်ပြီး အသစ်ဖောက်လုပ် ပြုပြင်လိုက်သော အဆိုပါလမ်းမကြီးသည် မူလက ၃၈ လမ်းဖြစ်သော်လည်း ဒေါ်အောင်စုကြည်မွေးနေ့တွင် လမ်းအားဖွင့်လှစ်ခဲ့ခြင်းကြောင့် “ဒေါ်အောင်ဆန်းစုကြည်လမ်း” ဟု ဂုဏ်ပြုအမည်ပေးခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရအဖြစ် သစ်ပင်စိုက်ပျိုးပွဲများကိုလည်း နိုင်ငံတစ်ဝှမ်းတွင် ကျင်းပခဲ့သည်ဟု သိရသည်။
မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် သစ်ပင်ပေါင်း ၁,၀၀၀ ကျော် စိုက်ပျိုးခဲ့သလို၊ မန္တလေးမြို့တွင်လည်း သစ်ပင် ၁ယ၀၀၀ ကျော် စိုက်ပျိုးခဲ့ကြသည်။ ထို့ပြင် မကွေးတစ်တိုင်းလုံးတွင် သစ်ပင်သောင်း ၁၀,၀၀၀ ကျော် စိုက်ပျိုးခဲ့သလို စစ်ကိုင်းတိုင်းတွင်လည်း သစ်ပင်ပေါင်း ၅,၀၀၀ ကျော်အား ပြည်သူများ ဝိုင်းဝန်းစိုက်ပျိုးခဲ့ကြသည်။
“အရိပ်ရတဲ့ အပင်ကြီးမျိုးတွေပဲ စိုက်ကြတာပါ။ ကျွန်းတို့၊ ပိတောက်တို့၊ ပြီးတော့ ဗန်ဒါတို့လည်း စိုက်ပါတယ်။ ဒီနှစ်ကတော့ အန်တီမွေးနေ့အတွက် သစ်ပင်တွေ လက်ဆောင်ပေးတာပေါ့” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ (ဗဟို) မှ အဖွဲ့ဝင် ကိုလှဦးက ပြောသည်။
ထို့ပြင် နေပြည်တော်၊ ကချင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်များနှင့် ပဲခူးတိုင်းတို့တွင်လည်း ယနေ့နံနက်ပိုင်းက သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအရ သစ်ပင်စိုက်တာ သက်ရှည်ကျန်းမာတယ်ပေါ့။ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်အတွက် အမှတ်တရလည်း ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း ဖြစ်တယ်” ဟု ရန်ကုန်တိုင်း သစ်ပင်စိုက်ပွဲတွင် ပါဝင်သူ ဦးဇော်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းအား မွေးနေ့ဆုတောင်းပေးသူများ၏ “မေတ္တာတွေကို အနည်းငယ်လေးမှမကျန် ခံစားရပါတယ်” ဟု ယနေ့ုထုတ်ပြန်သည့် ကျေးဇူးတင်လွှာတွင် ပြောကြားထားပြီး “မေတ္တာဖြင့် ပေးတဲ့ဆုတိုင်း ထိရောက်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားထားသည်။