နေပြည်တော်၊ ဧပြီ ၁၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်မျက်လုံး အတွင်းတိမ်အား ဧပြီ ၁၆ ရက်နေ့ နံနက်က အောင်မြင်စွာ ခွဲစိတ် ကုသခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆေးရုံကြီးတွင် နံနက် ၉ နာရီခန့်က စတင်ခွဲစိတ်ကုသခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။ အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်အရ ခွဲစိတ်ပြီးနောက် မျက်လုံးအား ရက်အနည်းငယ် အနားပေးရမည် ဖြစ်သည်ဟုလည်း ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၉ ရက်နေ့က ညာဘက်မျက်လုံးအား အဆိုပါ ဆေးရုံတွင်ပင် ခွဲစိတ်ကုသမှု ခံယူခဲ့သည်။
ထို့နောက် သြင်္ကန်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလဖြစ်သည့် ဧပြီ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက ရုံးတက်ကာ အရေးကြီး ကိစ္စများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်သစ်ကူး ရုံးပိတ်ရက် မတိုင်မီတွင် နိုင်ငံရေးနှင့် ဆက်နွယ်သောအမှုများဖြင့် တရားရင်ဆိုင်နေရသူ ၂၀၀ ခန့်အား စွဲချက်များ ရုပ်သိမ်းပြီး အမှုများမှ လွတ်မြောက်လာအောင် ဧပြီ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ကျန်ရှိနေသေးသည့် အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများကိုလည်း နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးချိန်တွင် အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့ ညနေတွင် ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်း- Frontier