နေပြည်တော်၊ ဒီဇင်ဘာ ၂၃
ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်ရင်လှိုင်နှင့် ဦးအောင်နိုင်ဦးတို့က ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင်သို့ ယနေ့ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုကော်မတိဝင် ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်နှင့် ဥက္ကဋ္ဌရုံး တာဝန်ခံ ဒေါက်တာတင်မာအောင်တို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အကြိုနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းရေး ကိစ္စများနှင့် ပတ်သက်ပြီး နှစ်ဘက်အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အား လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ ကျင်းပသွားမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု ရှိလာမည်ဟု အဖွဲ့ချုပ် နာယက ဦးဉာဏ်ဝင်းက မီဒီယာကို ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။
“ကိုယ်တိုင်လာရောက်ခြင်း ရှိ၊ မရှိတော့ ကျွန်တော် မပြောနိုင်ပါဘူး၊ ဒါပေမယ့် အဖွဲ့ချုပ် ဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဆွေးနွေးပွဲတွေမှာ ပါဝင် ပတ်သက်မယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်” ဟု NCA မူဘောင်သဘောဆွေးနွေးမှု သဘောတူညီချက်ကို သမ္မတထံ ပေးအပ်ပွဲကို နေပြည်တော်တွင် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်စဉ် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်မင်းတို့သည် ယခုလအစောပိုင်းကလည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သတင်း- Frontier သတင်းအဖွဲ့