နေပြည်တော်၊ ဇန်နဝါရီ ၄
လွပ်လပ်ရေးနေ့အခမ်းအနားသို့ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်လာစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်နိုင်ရန် တိုင်းရင်းသား၊ ပြည်သူနှင့် တပ်မတော်တို့ တစ်သားတည်း ပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ကြရန် သမ္မတဦးသိန်းစိန်က ယခုနှစ် လွပ်လပ်ရေးနေ့ သဝဏ်လွှာတွင် တိုက်တွန်းပြောကြားထားသည်။
(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့ရာ သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့သည်။
ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ရန်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသား ပြည်သူအပေါင်းက လက်တွဲညီညီ ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဟု သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းများကို ညင်သာချောမွေ့စွာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုများရရှိခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်ခဲ့ကာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုး ရင့်ကျက်ခိုင်မာသည့် အဆင့်သို့ ကူးပြောင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပဋိပက္ခများနှင့် တိုင်းရင်းသား လူမျိုးစုပြဿ နာများကို တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟုလည်း ရေးသားထားသည်။
ထို့ကြောင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံရေးအင်အားစုများအားလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းထားသည်။
သတင်း- Frontier သတင်းအဖွဲ့
လွပ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ နိုင်ငံတော်အလံကို အလေးပြုနေကြစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း