ရန်ကုန်
တပ်မတော်အနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ခြင်းထက် ဒီမိုကရေစီအား ထိန်းသိမ်းစောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။
လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီကို ဖော်ဆောင်နေကြောင်းနှင့် တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်များတွင် ပါဝင်နေခြင်းမှာ ဥပဒေနှင့်အညီသာဖြစ်သည်ဟု ၎င်းက ပုသိမ်တပ်နယ်နှင့် ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမိုင်းမှတ်တမ်းများအရ တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းများတွင်လည်း နိုင်ငံခြားသားများ၊ သွေးနှောများ ပါဝင်လုပ်ဆောင်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်များကြောင့် နိုင်ငံတော် ပြိုကွဲမည့် အခြေအနေများတွင် တပ်မတော်က တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကို ထိမ်းသိမ်းကာကွယ်ခဲ့ရသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ကိုကိုးကျွန်းအနီးတွင် ပြုလုပ်ခဲ့သည့် တပ်မတော်(ရေ)၏ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield 2016) ကို သွားရောက်ကြီးကြပ်ကွပ်ကဲခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လေ့ကျင့်ခန်းနှင့် ပတ်သက်ပြီး သုံးသပ်စကား ပြောကြားစဉ်ကလည်း တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်တည်ရေးအတွက် ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် ၂၀၁၁ မှ ၂၀၁၅ အထိ ပါတီစုံ ဒီမိုကရေစီစနစ်၏ ပထမခြေလှမ်းလျောက်လှမ်းခဲ့ရာ တပ်မတော်အနေဖြင့် ယင်းလမ်းကြောင်းတွင် ခိုင်ခိုင်မာမာဖြင့် မယိမ်းမယိုင် လျောက်လှမ်းနိုင်ရေး ဝိုင်းဝန်း ထိန်းသိမ်းလုပ်ဆောင်ခဲ့ကြောင်းနှင့် အလားတူ ဒုတိယသက်တမ်းတွင်လည်း ဆက်လက် ထိန်းသိမ်း လုပ်ဆောင်သွားမည်ဟု ၎င်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုုပ်ထံ လက်ရှိအစိုးရက အာဏာလွှဲပြောင်းပေးရေးအတွက် ပြင်ဆင်နေသော်လည်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မဖြစ်မှာ မေးခွန်းများ ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရမည်ဖြစ်ရာ ထိုသို့ ပြင်ဆင်နိုင်ရေးမှာ လွှတ်တော်များတွင် အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်းအား ရရှိထားသည့် တပ်မတော်၏ သဘောထားပေါ်တွင် များစွာ တည်မှီနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးကြိမ် သီးသန့်တွေ့ဆုံ ဆွေးနွေးပြီးဖြစ်သော်လည်း မည်သည့်အချက်များ ဆွေးနွေးသည်နှင့် မည်သည့် ရလာဒ်ရရှိသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ အဆိုပါ ဆွေးနွေးပွဲများတွင် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်အပ်ရေးတို့အတွက် ဆွေးနွေးဖွယ်ရှိသည်ဟုသာ အများက ထင်ကြေးပေးထားကြသည်။
ထိုအချိန်မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား သင့်လျော်သည့်အချိန် ရောက်မှသာ ပြင်ဆင်သွားမည်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ကလောတပ်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။
သတင်း- Frontier