မောင်တော၊ သြဂုတ် ၁၀
တောင့်တင်းလုံလောက်သည့် လုံခြုံရေးရှိမှသာ မိမိတို့ နေရပ်တွင် အစဉ်အမြဲပြန်လည်နေထိုင်ရန် ဖြစ်နိုင်မည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မေယုတောင်တန်းအနီးတဝိုက် ရခိုင်ရွာများမှ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူ ရခိုင်တိုင်းရင်းသားများက ပြောကြားကြသည်။
ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့က မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ကျေးရွာမှ ဒေသခံမြိုတိုင်းရင်းသားအချို့ အကြမ်းဖက် သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် သြဂုတ် ၄ ရက်နေ့၊ နံနက် ၇ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်မှုနှင့် ဆက်စပ်တရားခံများ သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား လူရာပေါင်းများစွာက တုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိများဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းများကြောင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများမှာ ဘေးကင်းရာဖြစ်မည်ဟု ၎င်းတို့ ထင်မှတ်သည့် စေတီပြင်ရွာသို့ ထွက်ပြေးခဲ့ကြသည်။
မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်ကြသည့် ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၁၃၄ စု၊ လူဦးရေ ၆၂၂ ဦးတို့သည် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာနှင့် ဂွဆုံကျေးရွာတို့သို့ သြဂုတ် ၅ ရက်နေ့တွင် ခေတ္တ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။
သြဂုတ် ၆ ရက်နှင့် ၈ ရက်နေ့များတွင်မူ ထိုပြောင်းရွှေ့လာသူအားလုံးကို ရခိုင်ပြည်နယ်အစိုးရ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့က လုံခြုံရေးအာမခံပေးပြီး မူရင်းနေရပ်သို့ ပြန်လည်ပြောင်းရွှေ့စေခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်ချက်အရ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် အိမ်ထောင်စုများအလိုက် ပြန်လည်ပြောင်းရွှေ့ရာတွင် ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးပြီး ဒေသခံများ စိတ်ချယုံကြည်စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ၎င်းတို့နေထိုင်သည့် မူလကျေးရွာများ၌ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
“လက်ရှိတော့ အေးဆေးနေပါတယ်။ လုံခြုံရေးတော့ ပေးထားတယ်။ လုံလောက်တယ်၊ မလုံလောက်ဘူးဆိုတာကို ကျွန်တော် မပြောတတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးက အချိန်ပြည့်ပြန်ဖြစ်လာနိုင်တယ်လို့ ခံစားရတယ်။ ရေရှည်အဆင်ပြေမယ့် တခြားကိစ္စတစ်ခုကို စီမံပေးဖို့ပြောချင်တယ်” ဟု ထွက်ပြေးတိမ်းရှောင်ရာတွင် ပါဝင်သည့် ချွတ်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သီးမရက Frontier ကို ပြောကြားသည်။
ရသေ့တောင်မြို့နယ်ရှိ ချွတ်ပြင်နှင့် အထက်နန်းကျေးရွာအုပ်စုများအတွင်း ဘင်္ဂါလီဦးရေက ရခိုင်တိုင်းရင်းသားဦးရေထက် အိမ်ထောင်စု ၁,၀၀၀ ကျော် ပိုမိုရှိနေခြင်းကြောင့် အကြမ်းဖက်မှုများ အချိန်မရွေး ဖြစ်လာနိုင်မည်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများက စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။
ချွတ်ပြင်ကျေးရွာအုပ်စုတွင် ဘင်္ဂါလီကျေးရွာ နှစ်ရွာ၊ အိမ်ထောင်စု ၆၀၀ ကျော်ရှိပြီး ရခိုင်တိုင်းရင်းသားကျေးရွာသုံးရွာတွင် အိမ်ထောင်စု ၉၄ စုသာရှိသလို၊ အထက်နန်းကျေးရွာအုပ်စုတွင် ဘင်္ဂါလီအိမ်ထောင်စု ၃၅၀ ကျော်အထိရှိနေသည်ဟု ဦးအောင်သီးမရက ပြောသည်။
ချွတ်ပြင်ကျေးရွာအုပ်စုအတွင်းရှိ ရွာများဖြစ်သည့် ပိတ်တောက်မြိုင်၊ ပြင်ရှည်၊ ပေါက်ပင်ရင်းနှင့် အထက်နန်းကျေးရွာအုပ်စုများမှ ရခိုင်တိုင်းရင်းသားရွာများမှ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာသို့ လမ်းလျောက်သွားလာနိုင်သည့် မြေသားလမ်းသာရှိပြီး တစ်နာရီခွဲကြာခန့် သွားလာရကာ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေသည်ဟု အစိုးရက ပြောကြားထားသည့် မေယုတောင်ကြောနှင့် ဆက်စပ်နေသည့်နေရာများလည်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများအတွင် အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က အဆိုတရပ်တင်သွင်းကာ အစိုးရကို တိုက်တွန်းခဲ့သည်။ ယင်းအဆိုကို လွှတ်တော်တွင်းကန့်ကွက်သူမရှိဘဲ ဇွန်လ ၃၀ ရက်တွင် အတည်ပြုနိုင်ခဲ့သည်။
အဆိုတင်သွင်းခဲ့သူ ဦးသန်းနိုင်က “ပြည်နယ်အစိုးရက ဖြစ်မှထလုပ်သလို ငါးပွက်ရာ ငါးစာလိုက်ချသလို ဖြစ်နေတယ်။ လုံခြုံရေးကို လုပ်ပေးတာတော့ရှိတယ်။ ကြိုတင်ပြင်ဆင်မှုတွေ မရှိဘူး။ ဒီလိုကိစ္စတွေက ထပ်ဖြစ်နိုင်တယ်။ အဆိုတင်ထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့လိုအပ်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောင်းရွှေ့လာသူများကို လုံခြုံရေးဖြင့် မူရင်းနေရာများတွင် ပြန်လည်နေထိုင်ရန် ပြင်ဆင်ပေးမှုများပြုလုပ်ထားပေးထားပြီး ရေရှည် ဆောင်ရွက်ရမည့် အခြေအနေများကို ပြည်နယ်အစိုးရ၊ တပ်မတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့က ဆောင်ရွက်နေသည်ဟု Frontier ကို တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေးကို သြဂုတ် ၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဝန်ကြီးများအပြင် လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ခေတ္တရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်တို့လည်း တက်ရောက်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ခံရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါအစည်းအဝေးတွင် လတ်တလောလုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းရေးနှင့် ရေရှည်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများ၊ နိုင်ငံသားစိစစ်ရေးကိစ္စများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
တချိန်တည်းမှာပင် လတ်တလော ကြုံတွေ့နေရသည့် ရခိုင်ပြည်၏ လုံခြုံရေးဆိုင်ရာကိစ္စများကို ဆွေးနွေးရန်အတွက် ရခိုင်အမျိုးသား ပါတီ (ANP)၏ တောင်းဆိုမှုကို အမျိုးသားလွှတ်တော်က သြဂုတ် ၉ ရက်နေ့တွင် သဘောတူလိုက်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ကလည်း ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဦးဆောင်သည့်အဖွဲ့ကို အဆိုပါနေ့တွင်ပင် လက်ခံတွေ့ဆုံခဲ့သည်။
သတင်း-ဟိန်းကိုစိုး