ရန်ကုန်၊ ဧပြီ ၁၀
မန္တလေးမြို့တော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မည့် ကျောင်းသူလေးများ ကျင်းပချိန်မတိုင်မီ မြို့တော်ခန်းမအတွင်း စောင့်ဆိုင်းနေကြစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
ယခုနှစ် မဟာသြင်္ကန်ပွဲတော်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် ရေကစားမဏ္ဍပ် ၅၀၀ ကျော်ရှိမည်ဟု သိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်များမှာ မဏ္ဍပ်အကြီး ၁၀၈ ခု၊ မဏ္ဍပ်အလတ် ၁၇၇ ခုနှင့် အသေး ၂၁၉ ခု၊ စုစုပေါင်း ၅၀၄ ခုဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တွင်မူ မဏ္ဍပ် အကြီး၊ အလတ်နှင့် အသေး စုစုပေါင်း ၂၀၀ ကျော်ရှိမည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“မဏ္ဍပ်အကြီး ၁၉ ခုရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံပိုင်က ခုနစ်ခုဖြစ်ပြီး ပုဂ္ဂလိကက ၁၂ ခုရှိပါတယ်။ ဒါက မဏ္ဍပ်ကြီးတွေ ဖြစ်ပါတယ်။ မဏ္ဍပ်ကြီးများဆိုတာက ပေ ၁၀၀ ကျော်အထက် မဏ္ဍပ်ကြီးများကို ဆိုလိုတာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ထို့ပြင် မဏ္ဍပ်အလတ်နှစ်ခုနှင့် မဏ္ဍပ်အသေး ၁၈၉ ခုရှိမည်ဟု သိရသည်။ နိုင်ငံတော်က ပံ့ပိုးပေးမည့် မဏ္ဍပ်အကြီးခုနစ်ခုမှာ ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသြင်္ကန် ရေကစား ဗဟိုမဏ္ဍပ်၊ ခရိုင်မဏ္ဍပ်လေးခု၊ မြန်မာအမျိုးသား လေကြောင်းလိုင်းမဏ္ဍပ်နှင့် မြန်မာ့လ ျှပ်စစ်ဓာတ်အား ဖြန့်ဝေရေး မဏ္ဍပ်တို့ ဖြစ်ကြသည်။
ယခုနှစ်တွင် အခကြေးငွေဖြင့် ရေကစားခွင့်ပြုသည့် မဏ္ဍပ်များကို ခွင့်မပြုတော့ပဲ မိသားစုရေကစား မဏ္ဍပ်များနှင့် ကုမ္ဗဏီအလိုက် ဆောက်လုပ်သည့် ရေကစား မဏ္ဍပ်များကိုသာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ခွင့်ပြုပေးခဲ့သည်။ ထို့ပြင် မဏ္ဍပ်များအား ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျောက် တည်ဆောက်ခွင့်မပြုပဲ ပြည်လမ်းမပေါ်တွင်သာ တည်ဆောက်ခွင့် ပေးထားသည်။
မန္တလေးတွင် ရေကစားမဏ္ဍပ် ၃၇ ခုနှင့် အလှပြမဏ္ဍပ် ခြောက်ခုရှိသည့်အနက် အများစုမှာ ကျုံးဘေးပတ်လည်တွင် ဖြစ်သည်ဟု သိရသည်။
မန္တလေးမြို့တော် မဟာသြင်္ကန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့ညနေ ၅ နာရီက ကျောင်းသူ ၁,၅၀၀ ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်က မြို့တော်ဝန်မဏ္ဍပ်အဖြစ် နှစ်စဉ် ကျောင်းသူ ၂,၀၀၀ မှ ၃,၀၀၀ ခန့်အထိ အသုံးပြုကာ ဖွင့်ပွဲကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် အစိုးရသစ်၏ အသုံးစရိတ် ချွေတာရေးအစီအရ ဖွင့်ပွဲအကအတွက် ကျောင်းသူဦးရေ လေ ျှာ့ချထားခြင်း ဖြစ်သည်။
သတင်း- Frontier