ဝင်းဇာနည်အောင်
ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်ရာက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လေးဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် သုံးဦးပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက်ထိ သေဆုံးသူက လေးဦး၊ ပျောက်ဆုံးတာက သုံးဦးရှိတယ်။ ရေတာရှည်က သုံးဦး၊ တောင်ငူက တစ်ဦး သေတယ်။ ဘာကြောင့်သေတာဆိုတာကို မသိသေးဘူး” လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက သြဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းမှာ Frontier ကို ပြောပါတယ်။
“ပျောက်ဆုံး သုံးဦးက ဗိုလ်မှူးတစ်ဦး၊ ယာဉ်မောင်း တစ်ဦး၊ ငါးတန်းကျောင်းသားလေး တစ်ဦး” လို့လည်း သူက ဆက်ပြောပါတယ်။
ဌာန၏ နောက်ဆုံးစာရင်းတွေအရ သြဂုတ် ၃၀ ရက်နေ့အထိ ရေတာရှည်နဲ့ တောင်ငူတို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၆၈ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၃၆,၀၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။ အုတ်ဖိုမှာတော့ နီးစပ်ရာအိမ်တွေကို ရွှေ့ပြောင်း နေထိုင်နေကြသူ ၁၂၀ ဦးရှိတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ တည်ရှိတဲ့ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲဟာ သြဂုတ် ၂၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ အရှည် ပေ ၃၆၀ ခန့် ကျိုးပေါက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရေတွေဟာ ဆွာချောင်းတစ်လျောက်နဲ့ မြေပြန့်ဒေသတွေကို အရှိန်အဟုတ်နဲ့ စီးဆင်းသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရေလှောင်တမံထဲက ရေကုန်သလောက်နီးပါး စီးထွက်သွားပြီးဖြစ်တဲ့အတွက် တမံအတွင်း ရေအနည်းငယ်သာ ကျန်ရှိတော့တာကို ဓာတ်ပုံတွေထဲမှာ တွေ့ရှိရပါတယ်။
ရေကြီးမှုဒဏ်ခံခဲ့ရသည့် ကျေးရွာတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
လက်ရှိအချိန်မှာတော့ ရေတွေ ပြန်ကျနေပြီဖြစ်တယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
“အခုလက်ရှိက မနေ့က ရေပြန်ကျတယ်။ ဒီနေ့မနက်တော့ မသိရသေးဘူး။ လူဦးရေကတော့ မနေ့က မနက်ထက် ညနေက တိုးလာတယ်။ ရေက ကျတယ်ဆိုတာက တမံ ကျိုးပေါက်လို့ ဖြစ်တဲ့ဖြစ်စဉ်မှာက ရေပြန်ကျတယ်။ ဖြစ်ပြီးတော့ ညနေပိုင်းလောက်ကျတယ် စစ်တောင်းမြစ်ရေတက်လို့ တောင်ငူမှာ ပြန်ဖြစ်တယ်။ အဲဒီနှစ်ခု ဆက်စပ်ပြီး ဒီကိန်းဂဏန်း ဖြစ်သွားတယ်။ ဘယ်တော့လောက် ပြန်သွားရမယ်ဆိုတာက ခန့်မှန်းလို့မရသေးဘူး” လို့ သူက ပြောပါတယ်။
ရေဘေးဒုက္ခခံစားရသူများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ်သိန်း ၄၀၀ ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“ဝန်ကြီးဌာနအနေနဲ့ လတ်တလော စားဝတ်နေရေးအတွက် ထောက်ပံ့မှုတွေပေးတယ်။ အဓိကကတော့ စားသောက်ရေးပေါ့။ ဆန်ရိက္ခာဖိုးတွေ ပေးတယ်။ တစ်ချို့နေရာတွေကို မုန့်တွေဘာတွေ ဝေပေးတာတို့၊ ဖြစ်ဖြစ်ချင်းနေ့က လမ်းပိတ်တဲ့နေရာမှာ သောက်ရေတို့၊ မုန့်တို့ အစာပြေစားလို့ရအောင် ဝေပေးတာရှိတယ်။ နောက်ပြီး တကယ့်စခန်းတွေကို ရောက်လာတဲ့သူတွေဆိုရင် ဆန်ရိက္ခာဖိုး လောလောဆယ် ပိုက်ဆံပဲ ထောက်ပံထားတာပေါ့။ မနေ့ကတော့ လူဦးရေနဲ့ တွဲပြီး ထောက်ပံ့ပေးတယ်။ ဖြစ်တဲ့နေ့က လူဦးရေကလည်း မရတော့ စခန်းက ဘုန်းကြီးကျောင်းဆိုရင် ချက်ကျွေးဖို့အတွက် ငွေကြေးထောက်ပံ့ပေးတယ်။ နှစ်ရက်အတွင်း ထောက်ပံ့မှုတွေ လုပ်ပေးနေတယ်” လို့ သူက ပြောပါတယ်။
ဆွာချောင်းတံတားပေါ်တွင် ယာယီဘေလီတံတား တပ်ဆင်နေကြသည်ကို သြဂုတ် ၃၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
သေဆုံးသူတွေအတွက်လည်း ကျပ်သုံးသိန်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပျက်စီးဆုံးရှုံးမှုတွေအတွက်ကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။
“အခုကတော့ ပျက်စီးဆုံးရှုံးမှု စာရင်းမရသေးဘူး။ လောလောဆယ်တော့ အိမ်သုံးလုံးပဲ ပျက်စီးတာပဲ သိသေးတယ်။ ဒီထက်မက ရှိရင်လည်းရှိမှာ။ ဘုန်းကြီးကျောင်းတွေ ပျက်စီးရင်လည်း ထောက်ပံ့ပေးတယ်။ တံတားတွေ ပျက်စီးတာတွေလည်း ရှိတယ်။ တံတားတို့ လမ်းတို့ ပျက်စီးရင်တော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဖြစ်တော့ သူတို့က ပြုပြင်တယ်။ တကယ်လို့ ကြီးကြီးမားမား ပြင်ရမယ်ဆိုရင် ငွေကြေးအများကြီး ကုန်ကျမှာဆိုရင် ပြန်လည် ထူထောင်ရေးကဏ္ဍဘက် ရောက်သွားပြီ။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဘတ်ဂျက် ကျော်လွန်နေရင် အမျိုးသား သဘာဝဘေး ရန်ပုံငွေဆိုတာ ရှိတယ်။ အဲဒီထဲက ထောက်ပံ့တယ်” လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
ဆည်က စီးကျလာတဲ့ ရေစီးအားကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ဆွာချောင်းတံတားတစ်စင်းရဲ့ တိုင်တွေ နိမ့်ဆင်းသွားသလို အဝေးပြေးလမ်းဟောင်းနဲ့ ရထားလမ်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ အဲဒါကြောင့် ရန်ကုန်နဲ့ နေပြည်တော်အကြား ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားတဲ့အတွက် သက်ဆိုင်ရာက ပြင်ဆင်မှုတွေကို အပူတပြင်း ဆောင်ရွက်နေပါတယ်။
နိမ့်ကျသွားတဲ့ဆွာချောင်းတံတားပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘေလီသံပေါင်တံတားတစ်စီးကို ယာယီ တပ်ဆင်နေပြီး သြဂုတ် ၃၁ ရက်နေ့ ညနေပိုင်းမှာ မော်တော်ယာဉ်တွေ စတင်ဖြတ်သန်းခွင့်ပေးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ပျက်စိးသွားသည့် ကားလမ်းများကို သက်ဆိုင်ရာက ပြင်ဆင်လျှက်ရှိသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ပျက်စီးသွားတဲ့ လမ်းတံတားတွေကို လူပေါင်း ၅၀၀ နဲ့ ပြင်ဆင်နေပြီး နှစ်ရက်လောက်အတွင်း ပြင်ဆင်မှုပြီးစီးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဒေါက်တာဟန်ဇော်က အေအက်ဖ်ပီကို သြဂုတ် ၃၀ ရက်နေ့က ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ပုံမှန်ပြန်ဖြစ်အောင် ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားနေတယ်” လို့ သူက ပြောပါတယ်။
ရေဘေးဒဏ်ခံရသူတွေအတွက် တည်ဆောက်ပေးထားတဲ့ ယာယီစခန်းမှာ ခိုလှုံနေရသူတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် ကိုကြည်ဝင်းကတော့ စခန်းမှာပဲဆက်လက် နေရဦးမယ်လို့ဆိုပါတယ်။
“တချို့အိမ်တွေက လုံးဝကို ပျက်စီးသွားတာ” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ သူ့အိမ်ရဲ့အိမ်သာလဲ ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။ “အခုတော့ ဒီမှာ (ဘုန်းကြီးကျောင်း) မှာပဲ နေရဦးမယ်။ ပြန်လို့ မရသေးဘူး” လို့ သူကပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များနှင့် တပ်မတော်သားများက ကယ်ဆယ်ရေးပြုလုပ်နေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အသက် ၂၇ နှစ်အရွယ် ကိုဝေလင်းအောင်ကတော့ ဆည်ကျိုးမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေထံက ကြိုတင်သတိပေးမှုတွေ မရရှိခဲ့ဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူကမှ လာမပြောကြဘူး။ ကျွန်တော်တို့ ရေတက်လာတဲ့အခြေအနေကို စောင့်ကြည့်ပြီ အခြေအနေဆိုးလာတော့ ပြေးကြရတာပဲ” လို့ သူက အေအအက်ဖ်ပီ ပြောပါတယ်။ သူဟာ အဲဒီနေ့က ဘုန်းကြီးကျောင်းတစ်ခုမှာ ခိုလှုံညအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော့အိမ် ပျက်စီးသွားတာမြင်ရတော့ ဘယ်စိတ်ကောင်းမလဲဗျာ။ ကျွန်တော် နေစရာအိမ်လဲ မရှိတော့ဘူး။ စားစရာလဲ မရှိတော့ဘူး” လို့ သူက ပြောပါတယ်။
ရေစီးအားကြောင့် ကွေးကောက်သွားသည့် ဓာတ်အားတိုင်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ရေတာရှည်မြို့နယ်က ဒေသခံတွေကလည်း အခုလို ရေစီးအားပြင်းထန်မှုကို တခါမှ မတွေ့ကြုံခဲ့ဖူးဘူးလို့ ဆိုကြပါတယ်။ “ကျွန်မတို့ ယုံတောင် မယုံနိုင်လောက်စရာပါပဲ” လို့အသက် ၃၅ နှစ်အရွယ် မဖြူသီက အေအက်ဖ်ပီကို ပြောပါတယ်။
ဆွာချောင်းရေလှောင်တမံဟာ ရေဆင်းဧရိယာစုစုပေါင်း ၄၀၃ စတုရန်းမိုင်ရှိပြီး နှစ်စဉ် ၃၁၂,၀၄၀ ဧကပေခန့် စီးဝင်ရေရှိကာ ကန်ရေပြည့် ရေလှောင်ပမာဏ ၂၁၆,၃၅၀ ဧကပေရှိပါတယ်။ တမံရဲ့ ခံနိုင်ရည်ဟာ ကန်ရေပြည့် အမြင့် ၃၃၇ ပေ လက်ခံနိုင်ပြီး ယခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ကန်ရေအမြင့် ၃၃၈ ဒသမ ၆ ပေအထိရောက်ရှိခဲ့တာကြောင့် ပင်မဆည် ရေပိုလွှဲတံခါး ခံနိုင်ဝန်ထက် ကျော်လွန်ကာ ရေပိုလွှဲနိမ့်ကျပျက်စီးခဲ့တာ ဖြစ်တယ်လို့လည်း အစိုးရက ပြောကြားပါတယ်။