ဘင်္ဂလားဒေရှ့်နဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာ စိတ်ကြွဆေးပြား ကုန်သွယ်မှုတွေ မြင့်တက်လာနေသလို ငွေရလွယ်တဲ့ ဒီလိုတရားမဝင်လုပ်ငန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မူးယစ်ဆေးဂိုဏ်းတွေနဲ့ မြန်မာလက်နက်ကိုင်တွေလည်း ပါဝင်ပတ်သက် ဆက်နွယ်နေပါတယ်။
Aidan JONES၊ Sam JAHAN နှင့် လှလှဌေး/ အေအက်ဖ်ပီ ရေးသားသည်။
မြောက်များလှတဲ့ ‘မက်တာ ဖက်တမင်း’ (ယာဘ) စိတ်ကြွဆေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည် စခန်းတွေမှာ မတည်မငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အလုပ်အကိုင်မရှိတဲ့ ရိုဟင်ဂျာတွေဟာ တရားမဝင် မူးယစ်ဆေး ကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အသုံးချမှုကို ခံနေကြရပြီး ဒီဂိုဏ်းကွင်းဆက်တွေဟာ မြန်မာနိုင်ငံထဲအထိ ရောက်သွားကာ ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်သားတွေထံအထိ ကွင်းဆက်မိသွားကြပါတယ်။
‘ယာဘ’ လို့ လူသိများတဲ့ အနီရောင် ‘မက်တာဖက်တမင်း’ စိတ်ကြွဆေးပြားတွေဟာ အရှေ့တောင်အာရှဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက တွင်ကျယ်နေရာကနေ မြန်မာနိုင်ငံ အနောက်တံခါးက ထွက်ကျလာခဲ့ပါတယ်။ ဒီစိတ်ကြွဆေးပြားတွေကို သယ်ယူပို့ဆောင်ပေးနေသူတွေကတော့ ရိုဟင်ဂျာဒုက္ခသည်တွေပါပဲ။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်မှာ နိုင်ငံမဲ့ မူဆလင်ဒုက္ခသည်တွေအဖြစ် လူတစ်သန်းနီးပါး စုဝေး ရောက်ရှိနေကြတာပါ။
နဂိုကတည်းက ဒုက္ခ၊ သောက၊ ဝေဒနာမျိုးစုံ ခံစားနေကြရတဲ့ ဒုက္ခသည်တွေဟာ မူးယစ်ဆေးကုန်သွယ်မှုက ရတဲ့ငွေကြောင့် နောက်ထပ် ပြဿနာသစ်တွေ တိုးလာပြန်တယ်။ ဒီနေရာမှာ မူးယစ်ဆေးနဲ့ ဆက်စပ်နေတဲ့ ပစ်ခတ်မှုတွေ၊ လုယက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ တိုးလာနေလို့ နဂိုကမှ ဆူပွက်နေတဲ့ ဒုက္ခသည်စခန်းမှာ အန္တရာယ်တွေ၊ ရှုတ်ထွေးမှုတွေ ထပ်လောင်း ဖြစ်ပေါ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။
“လူငယ်တွေ အတော်များများဟာ မူးယစ်ဆေးဝါး ဂိုဏ်းရာဇာတွေရဲ့ ထောင်ချောက်အတွင်း သက်ဆင်းကုန်တယ်” လို့ ရှန်လာပါဒုက္ခသည်စခန်းက ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင် အဗ္ဗဒူလာဆာလမ်က ပြောပါတယ်။
မြန်မာစစ်တပ်က မူဆလင်အမြောက်အမြားကို ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခဲ့တဲ့ သြဂုတ်လကစလို့ မူးယစ်ဆေးတွေ့ရှိမှုနဲ့ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၁၀၀ ကျော်သွားပါပြီ။
ရာဇဝတ်ဂိုဏ်းတွေဟာ ဒုက္ခသည်လူငယ်တွေကို ဈေးပေါပေါနဲ့ ခိုင်းစားလို့ အလွယ်တကူ ရရှိနေတာကြောင့် ကော့ဗဇားမှာ မူးယစ်ဆေး ဖမ်းဆီးတွေ့ရှိမှုတွေ ထောင်တက်နေပါတယ်။
မတ် ၁၅ ရက်နေ့က ကော့ဇ်ကမ်းရိုးတန်းမှာ မူးယစ်ကုန်ကူးသူတွေ စွန့်ပစ်ထွက်ပြေးသွားတဲ့ ဆေးပြား ၁ ဒသမ ၈ သန်း တွေ့ရှိခဲ့ပါတယ်။ နောက်ထပ် ရက်အနည်းငယ်အကြာမှာပဲ လှေတစ်စင်းပေါ်မှာ စွန့်ပစ်သွားတဲ့ မူးယစ်ဆေးပြား ၉၀၀,၀၀၀ ထပ်မံ တွေ့ရှိရပြန်ပါတယ်။
ဒါပေမယ့် ဘယ်သူမှမသိလိုက်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားတဲ့ ဆေးပြားတွေက ဒါထက်အဆပေါင်းများစွာ ပိုများပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးဌာန (Department of Narcotics Control) ကတော့ ဒီနှစ် တစ်နှစ်ထဲမှာ မူးယစ်ဆေးပြားအရေအတွက် သန်း ၂၅၀ ကနေ ၃၀၀ အထိ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ မူးယစ်ဆေးဝါးက ရတဲ့ငွေတွေကြောင့် မျှော်လင့်မထားခဲ့တဲ့ နည်းလမ်းတွေနဲ့ ဟိုဘက်ဒီဘက်၊ သူ့လူကိုယ့်လူ ခွဲခြားလို့မရအောင် စည်းခြားလို့မရအောင် မှုန်ဝါးကုန်ပါတယ်။ ရိုဟင်ဂျာတွေကို စက်ဆုပ်ရွံ့ရှာပြီး သူတို့ကို စစ်တပ်က မောင်းထုတ်ရာမှာ ကူညီခဲ့တဲ့ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်အချို့ဟာ မူးယစ်ဆေးကုန်ကူးမှု ကွင်းဆက်တွေထဲ ရောပါပြီး ဘင်္ဂလားဒေ့ရှ်အထိ အဆက်အသွယ်တွေ ဖြစ်ကုန်ပါတယ်။
“ယာဘစိတ်ကြွဆေးပြား တစ်ပြားရဲ့ ဈေးက သုံးဆလောက်တက်သွားပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်လုံး ၃ ဒေါ်လာကနေ ၃ ဒသမ ၅ ဒေါ်လာလောက်အထိ ဈေးရနေတော့ ဒီလူဟာ ဗုဒ္ဓဘာသာလား၊ ရိုဟင်ဂျာလားဆိုတာ ဘယ်သူမှ ဂရုစိုက် မနေတော့ဘူး” လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တပ်မှူး ဒုဗိုလ်မှူးကြီး အဆာဒွတ်ဇမန်ချောင်ဒရီက ပြောပါတယ်။
ယာဘမြို့တော်
ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတဲ့ ယာဘဆေးပြားတွေ အားလုံးလိုလိုဟာ မြန်မာပြည်ကနေ နတ်မြစ်ကို ဖြတ်ပြီး ရောက်လာတာ ချည်းပါပဲ။ မနှစ်ကဆိုရင် ဒီမြစ်ထဲမှာ မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အပြည့်တင်လာတဲ့ လှေတွေနဲ့ ပြည့်နေတာပေါ့။ ကောင်းကင်မှာလည်း မီးလောင်နေတဲ့ ရွာတွေက မီးခိုးတွေ အုံ့ဆိုင်းမှိုင်းလို့ပါ။
အခုတော့ ဒီလှေတွေထဲမှာ ‘ယာဘ’ စိတ်ကြွဆေးပြားထုပ်တွေ၊ မြန်မာပြည်အရှေ့ပိုင်းမှာ ထုတ်လုပ်တဲ့ ဆေးပြားတွေ၊ နောက်တော့ ဒီဆေးပြားတွေအားလုံး တက်နတ်မြို့အနီးအနားတဝိုက် ရောက်လာပါတယ်။ ဒီမူးယစ်ဆေးကရတဲ့ စီးပွားတွေကြောင့် ယခင်က စုတ်ပြတ်နေတဲ့ ဒီမြို့မှာ မော်တော်ဆိုင်ကယ်တွေ၊ လှပသားနားတဲ့ အိုးအိမ်သစ်တွေ မြင်တွေ့လာရပါတယ်။
တက်နတ်မြို့မြောက်ဘက်ကနေ ကော့ဗဇားမြို့တော်ကို သွားတဲ့ အဓိကလမ်းမကြီးတစ်ခုပဲ ရှိပါတယ်။ ဒီလမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ မြောက်များစွာ ရှိပါတယ်။ ဒါပေမယ့် ဆင်းရဲနွမ်းပါးလွန်းသူတွေနဲ့ ရိုဟင်ဂျာတွေဟာ ငွေကြေးအတွက် မူးယစ်ဆေးတွေကို စွန့်စွန့်စားစားနဲ့ ကွယ်ဝှက်သယ်ဆောင်ပေးနေကြဆဲပါပဲ။ မကြာခင် သောကြာတစ်နေ့က ဒီလမ်းပေါ်မှာ တစ်နာရီအချိန်အတွင်းမှာတင် တွေ့ရှိဖမ်းဆီးမှုနှစ်ခုကို အေအက်ဖ်ပီက မြင်တွေ့ခဲ့ရပါတယ်။ ပထမတစ်ခုကတော့ စွန့်ပစ်ထားတဲ့ ဘတ်စ်ကားတစ်စင်းရဲ့ ထိုင်ခုံတစ်ခုအောက်မှာ ဖွက်ယူလာတဲ့ ဆေးပြား ၁၂,၀၀၀ ဖြစ်ပါတယ်။ နောက်သိပ်မကြာခင်မှာပဲ သမီးငယ်လေးတစ်ယောက်နဲ့ လာတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ မကျည်းသီးအိတ်တွေထဲမှာ ဖွက်ပြီးယူလာတာပါ။ သူဟာ ထောင်နှစ်နှစ်အထိ ကျခံရနိုင်ပါတယ်။
စစ်သားများ
နယ်စပ်မျဉ်းရဲ့ အခြားတဘက်ကြည့်လိုက်ပြန်တော့ ရခိုင်က မူးယစ်ဆေး ပိရမစ်ရဲ့ ထိပ်ဖျားပိုင်းမှာ ထိုင်နေသူတွေက ဘယ်သူဘယ်ဝါတွေဆိုတာ ပြောဖို့ခက်ပေမယ့် အောက်ပိုင်းကွင်းဆက်တွေမှာတော့ အစိုးရဝန်ထမ်းတွေ၊ ဒေသတွင်းက စီးပွားရေးသမားတွေနဲ့ စစ်သားတွေပါ အားလုံးပါဝင်နေကြတာပဲ။ မေ ၇ ရက်နေ့တုန်းက မြန်မာနိုင်ငံ မောင်တောခရိုင်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်သားတစ်ယောက်ကို မူးယစ်ဆေးပြား ၂၀၀,၀၀၀ နဲ့အတူ ဖမ်းဆီး ရမိလိုက်ပါတယ်။ နောက်ပိုင်း အဆက်အသွယ်တွေ လိုက်ရှာခဲ့ပြီးနောက် အိမ်တစ်အိမ်မှာ မူးယစ်ဆေးပြား ၁ ဒသမ ၆ သန်းကို ထုတ်ပိုး သယ်ယူပို့ဆောင်ဖို့ အသင့်ထားတာ ထပ်မံ တွေ့ရှိခဲ့ရပါတယ်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၊ ရခိုင်မှာ အကြမ်းဖက်မှုတွေ ပြင်းထန်နေချိန်ကလည်း မောင်တောမြို့မှာ စစ်သားနှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို နတ်မြစ်ကနေ ကီလိုမီတာ အနည်းငယ်အကွာမှာ ‘ယာဘ’ ဆေးပြား နှစ်သန်းနီးပါး (ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်း) နဲ့အတူ တွေ့ရှိခဲ့ရတာပါ။
ငွေမျက်နှာကြောင့် မထင်မှတ်သူတွေလည်း မဟာမိတ်တွေ ဖြစ်ကုန်ကြတယ်။ မြန်မာအစိုးရကို သူတို့အကြောင်းနဲ့ သူတို့ တိုက်ခိုက်နေကြတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ ရိုဟင်ဂျာစစ်သွေးကြွ ARSA တို့တွေဟာ မူးယစ်ဆေးဝါးကိစ္စမှာ ပူးပေါင်း လုပ်ဆောင်နေကြတယ်လို့ ထင်မြင်ယူဆသူတွေ တိုးပွားနေပါတယ်။
“ဒီလူတွေဟာ လက်နက်ဝယ်ဖို့အတွက် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုမှာ အတူတကွ ပါဝင်ပတ်သက်နေကြတယ်”လို့ မြန်မာနိုင်ငံ မူးယစ်ဆေးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က အမည်မဖော်လိုသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
လက်နက်များနှင့် လူဆိုးဂိုဏ်းအဖွဲ့ဝင်များ
ဆင်းရဲမှုနွံတွင်းမှ ရုန်းမထွက်နိုင်သည်ကတကြောင်း၊ လောလောဆယ် မြန်မာပြည်ပြန်နိုင်ဖို့ လမ်းစမမြင်ကြသေးတာက တကြောင်း၊ ထိုထိုအကြောင်းတို့ကြောင့် ‘ကော့ဗဇား’က ဒုက္ခသည်တွေဟာ မူးယစ်ဆေးကုန်ကူးလို့ရတဲ့ ငွေနဲ့ ဆင်းရဲခြင်းမှ လွတ်လမ်း ရှာကြံနေကြပါတယ်။
“လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီဒေသမှာ အလွန်သြဇာကြီးမားတဲ့ လူကြီးတစ်ယောက်နဲ့တွေ့ပြီး ကျွန်တော် ဒီလောကထဲကို ရောက်လာခဲ့ပါတယ်” လို့ မူးယစ်ဆေး ခိုးဝှက်သယ်ဆောင်ပေးသူဘဝကနေ မူးယစ်ဆေးကုန်သည်ဖြစ်လာသူ ရိုဟင်ဂျာတစ်ဦးက အေအက်ဖ်ပီကို ပြောပြပါတယ်။ လက်စားချေခံရမှာစိုးလို့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောဖို့လဲ တောင်းပန်လိုက်ပါသေးတယ်။
ဒီအလုပ်က ရတဲ့ငွေနဲ့ပဲ သူ့မိသားစုကို ဒုက္ခသည်စခန်းက ထုတ်ပြီး ကော့ဗဇားမြို့မှာ တိုက်ခန်းတစ်ခန်း ဝယ်ထားနိုင်ခဲ့ပါတယ်။
“ဒီအလုပ် ကျွန်တော်မလုပ်လဲ ဒီပြင်လူ လုပ်သွားမှာလေ” လို့ သူက ပြောပါတယ်။ ဒါပေမယ့် မူးယစ်ဆေး သွားလေရာ အကြမ်းဖက်မှုက လိုက်လာတာပါပဲ။ တက်နတ်မြို့နားက Nayapara ဒုက္ခသည် စခန်းရဲ့ ညစ်ပတ်ပေရေနေတဲ့ လမ်းကြားထဲမှာ ပစ်သတ်ခံခဲ့ရတဲ့ သူမရဲ့ သားဖြစ်သူ ‘ဟူစိန်အလီ’ ရဲ့ တီရှပ်က သေနတ်ကျည်အပေါက်ထဲကို မိခင်ဖြစ်သူ Anwara Begum က သူမရဲ့ လက်ညှိုး ထည့်ကြည့်နေပါတယ်။
ရဲတပ်ဖွဲ့က ဒီလူသတ်မှုကို မူးယစ်ဆေးနဲ့ ဆက်စပ်နေတဲ့ ဒီစခန်းထဲက လူဆိုးဂိုဏ်းတစ်ခုနဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ဟာ ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့နဲ့လည်း ဆက်သွယ်မှုရှိတယ်လို့လည်း ပြောပါတယ်။ အသတ်ခံရသူရဲ့ မိသားစုကတော့ မူးယစ်ဆေးနဲ့ မဆိုင်ဘူး။ မိသားစုတွေအတွင်း စကားများ ရန်ဖြစ်ရာကစတာလို့ ပြောပါတယ်။ ဘာကြောင့်ပဲ ဖြစ်စေ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ၊ ကောလာဟလတွေနဲ့ ပျံ့နှံ့နေပါတယ်။
“ဒုက္ခသည်စခန်းတိုင်းမှာ လူဆိုးဂိုဏ်းအဖွဲ့ဝင် ၃၀-၄၀ လောက်ရှိတယ်” လို့ အသတ်ခံရသူရဲ့ အကိုဖြစ်သူ ‘ဟာဆန်အလီ’ ၃၂ နှစ်က ပြောပါတယ်။ သူ့ကိုလည်း သတ်ဖို့ရည်ရွယ်ထားတယ်လို့လဲ ပြောပါတယ်။ “ကျွန်တော်ဒီမှာ နေရတာ မလုံခြုံတော့ဘူး၊ တခြားသွားစရာ နေရာလဲမရှိဘူး” လို့ သူကဆက်ပြောပါတယ်။
ဦးကိုကို ဘာသာပြန်သည်။