အရေးပေါ်အခြေအနေကြေညာနိုင်ဖို့ လက်ရှိအစိုးရလက်ထက်မှာ တစ်ကြိမ်မှ ပြုလုပ်ခြင်းမရှိသေးတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူခွင့်ရှိတဲ့ နိုင်ငံတော်သမ္မတဖက်က ဆောင်ရွက်ပေးစေချင်တယ်လို့လည်း တပ်မတော်ဖက်အရာရှိကြီးတွေဖက်က ထုတ်ပြောကြပါတယ်။
ဉာဏ်လှိုင်လင်း ရေးသားသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို အရေးပေါ်အခြေအနေကြေညာပြီး စစ်ဖက်အုပ်ချုပ်ခွင့်ရဖို့ အစိုးရကို တင်ပြထားပေမယ့် ဖြစ်မလာသေးဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဗိုလ်ချုပ်သန်းထွဋ်သိန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရဲကင်းစခန်းတွေ ထပ်မံတိုက်ခိုက်မခံရမီ တစ်ပတ်ခန့်အလိုနဲ့ တိုက်ခိုက်ခံရတဲ့နေ့မှာ ပြည်ထောင်စုအစိုးရနဲ့ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက အဲဒီမြို့နယ် သုံးခုမှာ သုံးလခန့် အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်ရဲ့ အကူအညီရယူဖို့ တင်ပြခဲ့ပေမယ့် ဖြစ်မလာသေးဘူးလို့ ဆိုလိုက်တာပါ။
နေပြည်တော်ရှိ၊ ဘုရင့်နောင်ရိပ်သာမှာ နိုင်ငံခြားစစ်သံမှုးတွေနဲ့ မီဒီယာတွေကို သြဂုတ် ၂၉ ရက်မှာ တပ်မတော်က ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ်၊ မြောက်ဖက်ခြမ်းဖြစ်စဉ်များနဲ့ ရှင်းလင်းစဉ် အဲဒီလိုထည့်သွင်း အသိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီလိုအရေးပေါ်အခြေအနေကြေညာနိုင်ဖို့ လက်ရှိအစိုးရလက်ထက်မှာ တစ်ကြိမ်မှ ပြုလုပ်ခြင်းမရှိသေးတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူခွင့်ရှိတဲ့ နိုင်ငံတော်သမ္မတဖက်က ဆောင်ရွက်ပေးစေချင်တယ်လို့လည်း တပ်မတော်ဖက်အရာရှိကြီးတွေဖက်က ထုတ်ပြောကြပါတယ်။
ဒါပေမယ့် နိုင်ငံတာ်သမ္မတဦးဆောင်ပြီး စုစုပေါင်း ၁၁ ဦးနဲ့ ပါဝင်ဖွဲ့စည်းရမယ့် အမျိုးသားလုံခြုံရေးနဲ့ လုံခြုံရေး ကောင်စီမှာ အရပ်သားအစိုးရအဖွဲ့ဝင် ၃ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တပ်မတော် တာဝန်ရှိသူ ၅ဦး၊ တပ်မတော်ဖက်က တင်မြှောက်တဲ့ အငြိမ်းစား တပ်မတော်အရာရှိ အစိုးရအဖွဲ့ဝင် ၁ ဦး ပါဝင်တဲ့အနေအထားအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေတာကိုလည်း တပ်မတော်ဖက်က သိရှိထားတာတွေ့ရပါတယ်။
“ကျွန်တော်တို့အပေါ်မှာ မြင်နေတဲ့သဘောက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ သဘောတရားမှာ တပ်မတော်က ၆ မဲပါတယ်၊ အရပ်ဘက်က ၅ မဲပဲပါတယ်။ ကာလုံမှာခေါ်ပြီး ဆုံးဖြတ်မယ်ဆိုတော့ တပ်မတော်က လုပ်ချင်ရာလုပ်မယ်ဆိုပြီးတော့ မြင်နေတာတွေအများကြီးရှိပါတယ်”လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ရဲဝင်းက ဆိုတယ်။
“တကယ်ကတော့ ဘယ်ဟာကိုပဲ ဆွေးနွေး၊ ဆွေးနွေး နောက်ဆုံးအဆုံးအဖြတ်ကတော့ သမတကြီးရဲ့ အဆုံးအဖြတ်ပါပဲ”လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ မိတ္ထီလာနဲ့ လောက်ကိုင် ပဋိပက္ခတွေတုန်းက စစ်အုပ်ချုပ်ရေး ကျင့်သုံးခွင့်ပြုခဲ့တဲ့အတွက် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အမြန်ဆုံးတိုးတက်လာတဲ့ အခြေအနေရှိခဲ့တယ်လို့လည်း တပ်မတော်ဖက်က ထောက်ပြပါတယ်။
major_general_than_htut_thein_2.jpg
class=
အခြေအနေတွေ တစ်ကယ်ဆိုးသလား
ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ပထမဆုံးအကြိမ်တိုက်ခိုက်ခံရတုန်းက နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်တစ်ခုနဲ့ ရဲကင်းစခန်း နှစ်ခုသာဖြစ်ပေမယ့် ၁၁ လကျော်ကြာပြီးနောက် သြဂုတ် ၂၅ ရက်နေ့က နောက်တစ်ကြိမ်တိုက်ခိုက်ခံရတဲ့အခါမှာတော့ ရဲကင်း စခန်း ၃၀ နဲ့ တပ်မတော်တပ်ရင်းတစ်ခုအထိ တိုက်ခိုက်ခံခဲ့ရတာတွေ့ရပါတယ်။
ဒ့ါအပြင် အစိုးရနဲ့ တပ်မတော်ဖက်က ထုတ်ပြန်တဲ့စာရင်းတွေအရ လုံခြုံရေးဝန်ထမ်းနဲ့ အရပ်သားသေဆုံးမှုနှုန်း၊ တိုက်ခိုက်မှုခံရမှုနဲ့ တိုက်ပွဲဖြစ်ပွားမှု အရေအတွက်၊ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်တဲ့ လူအင်အား၊ နေရပ်စွန့်ခွာရတဲ့ အရေးအတွက်တွေဟာ ပထမအကြိမ်ထက် ပိုမိုများပြားနေပါတယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ ကာကွယ်ရေး၊ ပြည်တွင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာကိစ္စတွေကို ကိုင်တွယ်ခွင့်ရထားတဲ့ အဖွဲ့အစည်းဖြစ်တာမို့ ကြိုတင်စီမံမှုအပိုင်းမှာ ဘာတွေအားနည်းခဲ့လို့ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်ခံရမှုမျိုး နောက်တစ်ကြိမ်ကြုံခဲ့ရတာလဲဆိုတာကို Frontier က မေးမြန်းခွင့်ရဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီရှင်းလင်းပွဲမတိုင်မီ တစ်ရက်အလို မေးခွန်းကြိုပို့ဖို့ တပ်မတော်ဖက်က အကြောင်းကြားတဲ့အတွက် ပေးပို့ ခဲ့ပေမယ့် တကယ်တန်း ကျင်းပချိန်မှာ လေးယောက်မြောက်အဖြစ်မေးခွင့်ရဖို့ Frontier ရဲ့ ကြိုးပမ်းချက်ဟာ အချိန်ပြည့်သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။
ဗိုလ်ချုပ်သန်းထွဋ်သိန်းကတော့ သာလွန်အင်အားအသုံးပြုပြီး ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေစိုးမိုးရေးလုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့တွေ ဟန့်တားနိုင်တဲ့အခြေအနေမရှိဘူး၊ ဒါကြောင့် တပ်မတော်ဖက်က လုံခြုံရေးဆိုင်ရာကိစ္စတွေ ပါဝင်ဆောင်ရွက်ရတာလို့တော့ ရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေကို သာမန်အရပ်သားအသွင် ဝတ်ဆင်လုပ်ဆောင်တာဖြစ်လို့ ကြိုတင်ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့လည်း သူက ဆိုပါတယ်။ “သူတို့ဟာ ကျေးရွာထဲကို ဝင်ရောက်သွားချိန်မှာ သာမန်ဘင်္ဂါလီအရပ်သားများ ဖြစ်သွားတဲ့အတွက်ကြောင့် အကြမ်းဖက်သမားနဲ့ သာမန်အရပ်သားကို ခွဲခြားရာမှာ အခက်အခဲတစ်ခုပဲ”လို့ ဗိုလ်ချုပ်သန်းထွဋ်သိန်းက ပြောပါတယ်။
_dsf1943.jpg
class=
အခက်အခဲတွေဟာ ဘာကြောင့်တဲ့လဲ
ဒီရှင်းလင်းပွဲမှာ လွှတ်တော်ဖက်က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး ဥပဒေမှာ ဧည့်စာရင်းစစ်ခွင့်ဖြုတ်လိုက်တာ၊ အမျိုးသားလွှတ်တော်မှာ အဆိုတွေ တင်ခွင့်မရတာ၊ အစိုးရဖက်က တိုက်ခိုက်မှုနဲ့ ကျူးလွန်သူတွေကို အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့နဲ့ နိုင်ငံသားစိစစ်ဖို့ နှောင့်နှေးတာတွေကြောင့် အခက်တွေ့ရတယ်ဆိုတဲ့ သဘောမျိုး တပ်မတော်ဖက်က ထည့်သွင်းပြောဆိုသွားပါတယ်။
“ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ခြင်းမရှိတော့တဲ့အတွက် ယခုကဲ့သို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များ အလွယ်တကူနဲ့ အများအပြားစိမ့်ဝင်ခိုအောင်းလာနိုင်ခြင်းဖြစ်တယ်လို့” ဗိုလ်ချုပ်သန်းထွဋ်သိန်းက ဆိုတယ်။
ဒီတစ်ကြိမ်တိုက်ခိုက်မှုကို ဦးဆောင်တဲ့ Arakan Rohingya Salvation Army (ARSA) ဟာ ဒီဒေသအတွင်း နေထိုင်သူ ၅၀ ရာခိုင်နှုန်းကို စည်းရုံးနိုင်ခဲ့ပြီဖြစ်ပြီး လွတ်မြောက်နယ်မြေအဖြစ် တည်ဆောက်နိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့တယ်လို့လည်း တပ်မတော်ဖက်က သုံးသပ်ထားပါတယ်။
ကျေးရွာအုပ်ချုပ်မှု၊ မြို့နယ်များ ဆက်စပ်အုပ်ချုပ်မှုစတဲ့ အုပ်ချုပ်ရေးယန္တရားပျက်ပြားနေပြီလို့ တပ်မတော်ဖက်က ရည်ညွှန်းခဲ့တဲ့ ဒီဒေသ တည်ငြိမ်ရေး ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာကိုတော့ ဗိုလ်ချုပ်သန်းထွဋ်သိန်းက အခုလို ထည့်ပြောခဲ့ပါတယ်။
“နည်းလမ်းပေါင်းစုံနဲ့ ပိတ်မိနေတဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနဲ့ အရပ်သားများကို ကွဲပြားစွာ ခွဲခြားနိုင်ဖို့အတွက် ဥပဒေခွင့်ပြုချက်၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရများရဲ့ ခွင့်ပြုချက်များနှင့်အညီ လိုအပ်သလို တိုးမြှင့်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။
လွှတ်တော်မှာ တင်သွင်းခွင့်မရဘူးဆိုတဲ့ အဆိုနှစ်ခုဟာ အကြမ်းဖက်လုပ်ရပ်တွေ လုံးဝချုပ်ငြိမ်းတဲ့အထိ လိုအပ်တဲ့အစီအမံတွေချဖို့ အစိုးရကို တိုက်တွန်းဖို့ဖြစ်တယ်လို့လည်း တပ်မတော်က ဆိုပါတယ်။
000_rw5is.jpg
class=
အစိုးရနဲ့ လွှတ်တော်က ဘာပြောလဲ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ တပ်မတော်ရဲ့ ပြောကြားမှုတွေအပေါ် သီးခြားမှတ်ချက်ပြုဖို့မရှိတဲ့ အကြောင်း Frontier ကိုပြောပါတယ်။
အစိုးရဖက်ကတော့ ဒုတိယအကြိမ်တိုက်ခိုက်မှုတွေဖြစ်ပေါ်ချိန် သြဂုတ် ၂၅ ရက်နေ့မှာ ARSA ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာပြီးဖြစ်သလို အကြမ်းဖက်မှု ကျူးလွန်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ၊ စီစဉ်ဆောင်ရွက်သူတွေ၊ ပူးပေါင်း ကြံစည်သူတွေ၊ အားပေးကူညီသူတွေအားလုံးကို ဥပဒေနဲ့ အညီအရေးယူမယ့်အကြောင်း ကြေညာထားပါတယ်။
အဲဒီကြေညာချက်မထွက်ခင် တစ်နာရီကျော်ကြိုတင်ထွက်ရှိထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဘောထားထုတ်ပြန်ချက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို လက်တွေကျပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်များနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ခိုင်မာတဲ့ သန္ဒိဌာန်ရှိပြီးဖြစ်တဲ့အကြောင်း ပါဝင်ပါတယ်။
ဒါ့အပြင် အစိုးရဖက်က နှောင့်နှေးမှုတွေရှိတယ်ဆိုတဲ့သဘော တပ်မတော်ဖက်က ထုတ်မပြောခင် ငါးရက်အလို သြဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကြေညာချက်မှာ “ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ အချိန်ကိုက်ပြီး တိုက်ခိုက်မှုတွေဖြစ်လာဖွယ်ရှိတယ်လို့ မှန်းဆထားတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကို ညွှန်ကြားချက်တွေပေးထားခဲ့တယ်” လို့ ပါဝင်ပါတယ်။
တပ်မတော်ပြောတဲ့ ရခိုင်ပြည်နယ်အရေး အဆိုနှစ်ကြိမ် တင်ခွင့်မရတဲ့အကြောင်း ဖြေဆိုနိုင်မယ့် အမျိုးသားလွှတ်တော်ဖက်က တာဝန်ရှိသူတွေကိုတော့ Frontier က ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။ ဧည့်စာရင်းနဲ့ ပတ်သက်လို့ကတော့ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း အမှတ် (၆) မဲဆန္ဒနယ်အမတ် ဦးဇော်မင်းက အခုလိုပြောပါတယ်။
“လိုအပ်ရင် ပြန်ပြင်လို့ရတဲ့ ကိစ္စမျိုးပါပဲ။ တစ်ဖက်က ထောက်လိုက်၊ တုံ့ပြန်လိုက်ဆိုတာထက်၊ ဒီအချိန်မှာ အားလုံး လက်တွဲထားကြတာ ပိုကောင်းမယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်လည်းဖြစ်တဲ့ ဦးဇော်မင်းက မှတ်ချက်ပြုပါတယ်။
ပကတိအခြေအနေမှာတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အထက်ပါ ကွဲလွဲချက်တွေအပြင် သတင်းထုတ်ပြန်မှုနဲ့ အသုံးအနှုန်းပိုင်းဆိုင်ရာမှာတောင် ကွာခြားမှုတွေရှိနေတာတွေ့ရပါတယ်။
Frontier ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်ခ် စာမျက်နှာက ထုတ်ပြန်မှုတွေ မတူညီတော့တာ တွေ့ရပါတယ်။
သြဂုတ် ၂၈ ရက်အထိ တူညီမှုရှိပေမယ့်သြဂုတ် ၂၉ ရက်နေ့အရောက်မှာတော့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ အရင်တုန်းကလို အစိုးရကို ကိုးကားရည်ညွှန်းတာမျိုး မတွေ့ရတော့ပါဘူး။
သတင်းထုတ်ပြန်မှုနှစ်ခုမှာ သိသာတဲ့ကွာခြားမှုကတော့ “အစိုးရဖက်က အစွန်းရောက် အကြမ်းဖက်သမား”လို့ သုံးပြီး တပ်မတော်ဖက်က “အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား”လို့ သုံးနှုန်းတာပါပဲ။