မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံက ဆက်လက် ကူညီသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်က ပြောကြားသည်။
“ငြိမ်းချမ်းရေး မရမချင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ဖြစ်ပေါ်လာစေဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေ၊ ကူညီမှုတွေကို ရပ်တန့်မှာ မဟုတ်ပါဘူး” ဟု အထူးကိုယ်စားလှယ် Sun Guoxiang က ပြောကြားခဲ့သည်ဟု တရုတ် စီစီတီဗီသတင်းဌာနက ရေးသားထားသည်။
မြန်မာအစိုးရ၏ ဖိတ်ခေါ်ချက်အရ ၎င်းသည် နေပြည်တော်တွင် ဇန်နဝါရီ ၁၂ မှ ၁၆ ရက်အထိ ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်လျက်ရှိသည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်ပေးသူနှင့် ကူညီပေးသူသာဖြစ်ပြီး မြန်မာပြည်သူတို့၏ ပြည်တွင်းရေးအတွက် မြန်မာပြည်သူများက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန်လည်း ၎င်းကပြောကြားခဲ့သည်။
၎င်းသည် ဇန်နဝါရီ ၁၂ ရက်နေ့က နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် တရုတ်အစိုးရနှင့် တပ်မတော်အနေဖြင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ထူးခြားသည့် ဆက်ဆံရေးအား အလေးထားကြောင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး မူဝါဒများဖြစ်သည့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်မြဲရေးကို ထောက်ခံကြောင်း Sun Guoxiang က ပြောကြားသည်။
အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိခြင်းဖြင့် မြန်မာနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အကျိုးပြုခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်အတွက် အတတ်နိုင်ဆုံး ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တို့သည် အင်န်စီအေကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) – The Framework for Political Dialogue ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့ကြသည်။ အဆိုပါ မူဘောင်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ အင်န်စီအေအရ ၎င်းမူဘောင်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည်ဖြစ်သဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်တွင် စတင် ကျင်းပခြင်းဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဖွဲ့စည်းပြီးနောက် လေးလ တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။