မှန်ကန်သင့်တော်တဲ့ အရည်အချင်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ လူငယ်ပရော်ဖက်ရှင်နယ်တွေ၊ နည်းပညာရှင် တွေ ရှားပါးတာကြောင့် အလုပ်သမားဈေးကွက်အတွင်းက လုပ်ခလစာနှုန်းထားတွေ မြင့်တက်လျက်ရှိပါတယ်။
class=
အလုပ်အကိုင်ရှာဖွေနေသူ အသက် ၂၄ နှစ်အရွယ် မခိုင်သဉ္ဇာထွန်းက မြင့်မားတဲ့မျှော်မှန်းချက်တွေ ထားရှိ ထားသူပါ။
မကြာသေးခင်က နိုဗိုတယ်ရန်ကုန်မှာ ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲတစ်ခုမှာ “တစ်လကို ကန်ဒေါ်လာ ၂,၀၀၀ (ကျပ်ငွေ ၂ ဒသမ ၅၇ သန်းခန့်) ပေးတဲ့အလုပ်ကို လိုချင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဒီလစာက သူရဲ့ လက်ရှိ လစာထက် ၁၅ ရာခိုင်နှုန်း ပိုများပြီး ရှစ်နာရီစာတစ်နေ့တာအလုပ်ချိန်အတွက် အနည်းဆုံး ကျပ် ၃,၆၀၀ တိုးမြှင့်ပေးဖို့ အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ ပြင်းပြင်ထန်ထန်ကန့်ကွက်တာကို ခံရတဲ့ အဆိုပြုချက်တစ်ရပ် အပေါ် လပေါင်းများစွာ ဆွေးနွေးခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံက ယုံကြည်မှုအပြည့်ရှိတဲ့ ထုတ်ဖော်ပြောဆိုချက် တစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာ့အလုပ်သမားဈေးကွက်က တိုင်းပြည်နိုင်ငံရေးလောက်နီးပါး ရှုပ်ထွေးပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တစ်ဟုန်ထိုး ဝင်လာစေခဲ့ပါတယ်။ အရည်အချင်းပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ နည်းပညာလုပ်သားတွေ ရှားပါးခြင်းကြောင့် အလုပ်သမားဈေးကွက်အတွင်း ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။
“ ဒါဟာ ယေဘုယျအားဖြင့် (ကုမ္ပဏီများအကြား) အလောင်းအစား ထိုးစစ်ပွဲတစ်ပွဲပါ” လို့ မြန်မာနိုင်ငံ ရဲ့ အလုပ်အကိုင် ရှာဖွေရေး အွန်လိုင်းဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်တဲ့ MyJobs.com.mm ရဲ့ မန်နေဂျင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဂျန်မီပိုပက်က ဆိုပါတယ်။ “အလုပ်သမားတစ်ဦးရရှိနိုင်တဲ့ လုပ်ခလစာက တစ်လနဲ့တစ်လ အမှန်အကန် ပြောင်းလဲနေပါတယ်။ အရှည်သဖြင့် ပုံမှန် ရှိမနေဘူးဆိုတာတော့ ရှင်းပါတယ်” လို့လည်း သူက ပြောလိုက်ပါတယ်။
အလုပ်သမားဈေးကွက်အတွင်း ပြိုင်ဆိုင်မှုပေါ်ပေါက်ရခြင်းရဲ့ တခြားအကြောင်းရင်းတစ်ခုက လူငယ် အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်မားခြင်းလည်း ဖြစ်ပါတယ်။ မြန်မာမှာ အလုပ်လက်မဲ့ ၄ ရာခိုင်နှုန်းရှိပြီး ဗီယက်နမ် မှာ ၂ ဒသမ ၄၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှာ ၀ ဒသမ ၈၃ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း ရှိ တယ်လို့ နယူးယော့ခ်အခြေစိုက် ကမ္ဘာ့သတင်းအချက်အလက်များ ဆန်းစစ်လေ့လာရေးအဖွဲ့ Trading Economics ရဲ့ ဇယားတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို မရောက်ခင် ဗြိတိန်မှာ ၁၀ နှစ်ကြာလောက် အလုပ်သမားစုဆောင်းရေး အလုပ်လုပ်တဲ့ အတွေ့အကြုံရှိသူ မစ္စတာ ပိုပက်ရဲ့အဆိုအရ အလုပ်သမားစုဆောင်းရေး အွန်လိုင်းအေဂျင်စီတစ်ရပ်ကို တည် ထောင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက အလုပ်သမားဈေးကွက်ဟာ သိသိသာသာ အဆင့်မြင့်လာခဲ့ပါတယ်။
“၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ လုံးဝကို ကသောင်းကနင်း ဖြစ်ခဲ့ပါတယ်” လို့ ဆိုလိုက်ပါသေးတယ်။ တချို့ အလုပ်အကိုင် လျှောက်လွှာတွေကို တင်ပြခဲ့ရာမှာ လက်နဲ့ရေးထားတဲ့ ကိုယ်ရေးအကျဉ်းတွေလည်း ပါပါတယ်။ တခြား အလုပ်အကိုင်ရှာဖွေသူတွေက သူတို့ရဲ့မိုဘိုင်းဖုန်း အပလီကေးရှင်းတွေကို အသုံးပြုခဲ့ကြပါတယ်။
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကနေ ကနေ့အချိန်အထိ အလုပ်သမားစုဆောင်းရေးလုပ်ငန်းတွေက ကွန်ရက်တွေ ဒါမှမဟုတ် ပုံနှိပ်ဖြန့်ချိတဲ့ မီဒီယာကြော်ငြာတွေမှာ ပါဝင်ခဲ့ပါတယ်လို့လည်း မစ္စတာ ပိုပက်က ဆိုပါတယ်။ လူသစ်စုဆောင်းရေး အသုံးစရိတ်တွေ ရှိပေမဲ့လည်း ကုမ္ပဏီတွေအနေနဲ့ မှန်ကန်သင့်လျော်တဲ့ အရည်အသွေး ပိုင်ရှင်တွေကို ရှာတွေ့ဖို့ အခက်ကြုံနေရပါတယ်။ တွေ့ပြီဆိုရင်လည်း လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းဖို့အတွက် လုပ်ခလစာ ပိုပေးလိုကြပါတယ်။
၂၀၁၃ ခုနှစ်မှာ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှု ပေးသူတွေဖြစ်တဲ့ အူရီဒူးနဲ့ တယ်လီနောတို့ ရောက်ရှိ လာတဲ့အခါမှာ လုပ်ခလစာနှုန်း ဖောင်းပွမှုဟာ လေးနက်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်လို့ မစ္စတာ ပိုပက်က ဆိုပါတယ်။ ကုမ္ပဏီနှစ်ခုအကြားမှာ အလုပ်သမားစုဆောင်းဖို့၊ အထူးသဖြင့် နည်းပညာရှင်တွေ အရောင်းစာရေးတွေ ခန့်အပ်ဖို့အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။
“ လုပ်ခလစာအတွက် မှန်ကန်တဲ့ဈေးနှုန်းက ဘာလဲဆိုတာကို သိတဲ့လူ မရှိတော့သလို ထိန်းချုပ်ဖို့ ခက်ခဲနေခဲ့ပါပြီ” လို့လည်း မစ္စတာ ပိုပက်က ဆိုပါတယ်။ မစ္စတာပိုပက်က သူ့ရဲ့ ဖောက်သည်တွေကို လုပ်ခ လစာနဲ့ ပတ်သက်ပြီး အကြံပေးအပ်ရာမှာ အစောပိုင်းနှစ်လမှာ ဘယ်လောက်များများ ပေးရမလဲဆိုတာကို မိမိ သိသော်လည်း နှစ်လပြီးသွားတဲ့နောက်မှာ ဘယ်လောက်ပေးရမလဲဆိုတာ မသိတော့ဘူးလို့ မကြာခဏ ပြောပြ ခဲ့ခြင်းပါပဲ။
အဲဒီအခြေအနေအတွက် ဥပမာတစ်ခုကို ပြောပြရာမှာ အလုပ်သမားတစ်ဦးက တစ်လကို ကန်ဒေါ်လာ ၃၀၀ နဲ့ သူ့ကုမ္ပဏီမှာ အလုပ် စလုပ်ခဲ့ပေမယ့် လုပ်ငန်းအတွေ့အကြုံနဲ့ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းတွေ တစ်နှစ်လောက် ရရှိသွားတဲ့အခါမှာ တစ်လကို ကန်ဒေါ်လာ ၁,၀၀၀ လောက် ပေးခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အလုပ်သမားဈေးကွက်ဟာ လုပ်ခလစာ သတ်မှတ်နှုန်းထား တစ်သမတ်တည်း မရှိသေးဘဲ “နုနယ်ပါသေးတယ်” လို့ မစ္စတာပိုပက်က ဖော်ပြပါတယ်။
အင်တာနက်က အလုပ်သမားဈေးကွက်အပေါ် ကြီးမားတဲ့ သက်ရောက်မှုတစ်ရပ် ရှိပါတယ်။ လစ်လပ် နေရာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အကြောင်းကို ဘယ်နေရာကမဆို အချိန်မရွေး ရယူနိုင် လို့ပါပဲ။ ဒါကြောင့်လည်း အလုပ်သမားဈေးကွက်အတွင်းကို ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာ ပြည်ပရောက်ပညာရှင် ဝန်ထမ်းများစွာ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ စွမ်းရည်ပြည့်ဝတဲ့ လူဦးရေ အကန့်အသတ် ရှိနေ ပေမယ့်လည်း လူသားရင်းမြစ်၊ ဈေးကွက်ချဲ့ထွင်ရေး၊ ငွေကြေးနဲ့ သတင်းအချက်အလက် နည်းပညာပိုင်း ဆိုင်ရာ ရာထူးနေရာတွေအတွက် ပြိုင်ဆိုင်နေရတဲ့ ပရော်ဖက်ရှင်နယ်များစွာ ရှိပါတယ်။
သို့ပေမဲ့ နိုင်ငံတကာကုမ္ပဏီတွေဟာ မှန်ကန်သင့်လျော်တဲ့ ဝန်ထမ်းလောင်းလျာတွေကို ရှာတွေ့ဖို့ အခက်ကြုံနေရလျက်ရှိပြီး တချို့ကတော့ သင့်တော်တဲ့လျှောက်ထားသူတွေ တွေ့ရှိရမယ့်အချိန်အထိ ငှားရမ်း မှုကို ဆိုင်းငံ့ထားဖို့ ပြင်ဆင်နေကြပါတယ်။
“ မြန်မာက တော်တော်လေး ခရီးရောက်ခဲ့ပြီ ဖြစ်ပေမယ့်လည်း စွမ်းရည်ထက်မြက်တဲ့ လုပ်သား အင်အားစုက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိသေးပါဘူး” လို့လည်း မစ္စတာပိုပက်က ပြော ကြားပါတယ်။ ရရှိနိုင်မှုနဲ့ မျှော်မှန်းချက်အကြားက ကွာဟချက်တစ်ရပ်ရှိနေတာက အလုပ်အကိုင် ရှာဖွေသူ တွေနဲ့ အလုပ်ရှင်တွေအနေနဲ့ မကြာခဏဆိုသလို အပေးအယူလုပ်ကြရတယ်လို့ ဆိုလိုခြင်းပါပဲ။
နောက်ပြဿနာတစ်ရပ်ကတော့ အလုပ်အကိုင်ပြောင်းရွှေ့ခြင်းတွေပဲဖြစ်ပါတယ်။ ဆိုလိုတာက ကုမ္ပဏီ တွေအနေနဲ့ သူတို့အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီးကာမှ တခြားပြိုင်ဘက်တွေထံ ဆုံးရှုံး လက်လွှတ်ခံလိုက်ရခြင်းလို့ ဆိုလိုနိုင်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေကို လက်လွှတ်ဆုံးရှုံးနိုင် ခြေ ရှိပေမဲ့ မွမ်းမံသင်တန်း ပေးရမယ့် တာဝန်တစ်ရပ်လည်း ရှိပါတယ်လို့ မစ္စတာပိုပက်က ဆိုပါတယ်။
“အလုပ်သမားတွေက တခြားကုမ္ပဏီတစ်ခုကသာ လုပ်ခလစာ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရင် လက်ရှိ အလုပ်ကို စွန့်ခွာနိုင်ပါတယ်။ သို့ပေမဲ့ ဒါဟာ သက်သောင့်သက်သာရှိတဲ့ လုပ်ငန်းခွင်အခြေအနေတစ်ရပ်ကို ဖော်ဆောင်ပေးခြင်း၊ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေအကြား ဆက်သွယ်ရန် နည်းလမ်းတစ်ရပ် ဖန်တီးပေးခြင်း တွေရှိတဲ့ ကုမ္ပဏီအပေါ်မှာပဲ မူတည်ပါတယ်။ အရေးပါဆုံးကတော့ မွမ်းမံသင်တန်းတွေနဲ့ ကျမ်းကျင်မှု တိုးတက် စေရေးအတွက် ဖော်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အနာဂတ်ကာလအတွက် အဓိကစိန်ခေါ်ချက်က စက်ရုံတွေအတွက် ရှေ့နေ၊ ကျန်းမာရေးနဲ့ လုံခြုံရေး မန်နေဂျာတွေ၊ ဆေးဝါး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်သူတွေလို အထူးကျွမ်းကျင် မှု အရည်အသွေးတွေ လိုအပ်တဲ့ ရာထူးနေရာတွေ အစားထိုးခြင်းပဲ ဖြစ်ပါလိမ့်မယ်လို့ မစ္စတာ ပိုပက်က ဆိုပါ တယ်။ “ဒီနိုင်ငံမှာ အရင်က မလိုအပ်ခဲ့တဲ့ ဒါမှမဟုတ် ဖော်ဆောင်ခဲ့ခြင်း မရှိသေးတဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ ပါ” လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
class=
Myjob.com အတွက် လုပ်ငန်းရှင်တွေရဲ့ မှတ်ချက်တွေအရ နိုဝင်ဘာလမှာ ကျင်းပမယ့် လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲက အလုပ်သမားဈေးကွက်အတွက် အားပေးမြှင့်တင်မှုတစ်ရပ် ဖြစ်လိမ့်မယ်လို့ မစ္စတာ ပိုပက် က ဆိုပါတယ်။ တချို့ကုမ္ပဏီတွေက ရွေးကောက်ပွဲမတိုင်မီ လူသစ်စုဆောင်းခြင်းကို ရပ်တန့်ပြီး သတိထား ချဉ်းကပ်နေရတဲ့ အကြောင်းကို ရှင်းလင်းပြောကြားရာမှာ “သူတို့က ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် ရှိလိမ့် မယ်လို့ မယူဆထားကြပေမဲ့ အနည်းငယ် တိုးတိုက်မိတာတွေ ရှိနိုင်ပြီး ရုတ်တရက် ကျရှုံးသွားလိမ့်မယ်လို့တော့ သူတို့မထင်ကြတဲ့အတွက် သူတို့က ကြိုးတန်းလမ်းလျှောက်နေကြတာပါ” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါ တယ်။
အလုပ်လက်မဲ့လူငယ်အရေအတွက် မြင့်မားနေရခြင်းရဲ့ တခြားအကြောင်းရင်းတစ်ရပ်က ဘွဲ့ရလူငယ် တွေအကြား လုပ်ငန်းကျွမ်းကျင်မှု မရှိသလောက်နည်းပါးတာကြောင့် ဖြစ်ပါတယ်။ “တက္ကသိုလ်ဘွဲ့ရတွေအနေနဲ့ မိုက်ကရိုဆော့ဖ်၊ အိတ်ခ်ဇဲ ဒါမှမဟုတ် ပါဝါပွိုင့်ကို ဘယ်လိုသုံးရမလဲဆိုတာကို မသိတာနဲ့ အင်္ဂလိပ် ဘာသာ စကား ကျွမ်းကျင်မှုအားနည်းခြင်းက ဖြစ်နေကျ အဖြစ်အပျက်တစ်ရပ်ဖြစ်ပါတယ်” လို့ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ Forth Vally Concierge ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် မရတနာဇော်က ဆိုပါ တယ်။ မြန်မာတွေက သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့သူတွေဖြစ်ပေမယ့် “စမတ်ကျကျ အလုပ်လုပ်ခြင်း” သဘောကို နားလည်သူဟာ အနည်းငယ်ပဲ ရှိပါတယ်။
တချို့က သူတို့ဘာတွေ လုပ်နေလဲဆိုတာကို စဉ်းစားခြင်းအလျဉ်းမရှိဘဲ သူတို့မန်နေဂျာရဲ့ တောင်းဆို ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးကြပါတယ်။ တချို့ကျတော့လည်း ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ပြင်ဆင် ထားပေမယ့် အင်တာဗျူးတွေမှာတင် ကျရှုံးရတာတွေ ရှိပါတယ်လို့ ဆိုကြပါတယ်။
အဲဒီပြဿနာရပ်အတွက် အဓိကတရားခံမှာ ကျောင်းသားတွေအနေနဲ့ မေးခွန်းတွေကို ပြန်လည် မမေးမြန်းဘဲ အဖြေပေးရတဲ့ ပညာရေးစနစ်နဲ့ ပေါင်းသင်းဆက်သွယ်ရေးစွမ်းရည်ဖွံ့ဖြိုးမှု ကျဆင်းရခြင်းကြောင့် ဖြစ်တယ်လို့ မရတနာဇော်က ယုံကြည်နေပါတယ်။ တခြားပြဿနာရပ်တွေက လျှောက်လွှာပြင်ဆင်ခြင်း၊ လုပ်ငန်းခွင်ရွေးချယ်ခြင်းအတွက် လမ်းညွှန်ပြသမှုအပိုင်းတွင် အထောက်အကူပြုမှု နည်းပါးခြင်းနဲ့ လုပ်ငန်း ကျွမ်းကျင်မှုစွမ်းရည်မွမ်းမံသင်တန်း အလုံအလောက်မရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။
“ ဒီနိုင်ငံတက္ကသိုလ်တွေမှာ သက်မွေးမှု လုပ်ငန်းခွင်စင်တာတွေ မရှိပါဘူး” လို့ မရတနာဇော်က ဆိုပါ တယ်။ ထို့အတူ သက်မွေးဝမ်းကျောင်းမှုလမ်းညွှန်အကြံပြုချက်နဲ့ ကျွမ်းကျင်မှုသင်တန်းတွေ မရှိသလောက် နည်းပါးတာကြောင့် လူငယ်ဘွဲ့ရတွေအနေနဲ့ လုပ်သားထုနဲ့ ပူးပေါင်းဖို့အတွက် ပြင်ဆင်မှုမရှိခြင်းနဲ့ သက်မွေးမှု လမ်းကြောင်းအတွက် အကြံဉာဏ်တစ်စုံတစ်ရာမရှိခြင်း ဖြစ်တယ်ဆိုတာကိုလည်း ထပ်လောင်း ရှင်းပြခဲ့ပါ တယ်။
နိုဗိုတယ်ရန်ကုန်မှာ သြဂုတ် ၉ ရက်က ကျင်းပခဲ့တဲ့ပြပွဲမှာ အလုပ်အကိုင်ရှာဖွေသူ ၁,၅၀၀ လောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီး မြန်မာ၊ ဂျပန်နဲ့ စင်္ကာပူနိုင်ငံတွေက ကုမ္ပဏီရှစ်ခုအတွက် အလုပ်အကိုင်ပေါင်း ၁၀၀ ကျော် အတွက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မော်ဒယ်တစ်ယောက်လို ကြည့်ကောင်းတဲ့ရုပ်သွင်ရှိတဲ့ မခိုင်သဉ္ဇာထွန်းက လူအုပ်ကြားထဲမှာ ပေါ်လွင် နေခဲ့ပါတယ်။ သူ့မှာ ဆေးတက္ကသိုလ်က ဘွဲ့ရထားပြီး နိုင်ငံတကာဆေးဝါးကုမ္ပဏီတစ်ခုမှာ သုံးနှစ်လောက် လုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံ ရှိပါတယ်။ ခုချိန်မှာ သူဟာ ပြင်သစ်နိုင်ငံထုတ် အလှကုန်ပစ္စည်းတွေနဲ့ အိမ်သုံး ပစ္စည်းတွေကို ကမ္ဘာတစ်လွှားပြန်လည်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုရဲ့ ရန်ကုန်ရုံးခွဲက အရောင်းမြှင့်တင်ရေး မန်နေဂျာတစ်ဦးပါ။
မခိုင်သဉ္ဇာထွန်း မျှော်လင့်တဲ့ အကောင်းဆုံးအလုပ်က သူ့ရဲ့ ကိုယ်ကာယလေ့ကျင်ခန်းအသင်းဝင်ကြေး ပေးချေနိုင်ဖို့၊ စွမ်းရည်မြှင့် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ဖို့၊ လုပ်ငန်းသင်တန်း တစ်ခု တက်တဲ့အခါ ကုန်ကျ စရိတ် ကျခံနိုင်ဖို့နဲ့ မြန်မာ့စံနှုန်း ရှစ်နာရီအောက် ပိုမိုနည်းပါးတဲ့ တစ်ပတ်အလုပ်လုပ်ချိန် နာရီ ၄၀ သာ ခိုင်းစေ တဲ့ အလုပ်ရှင်တစ်ဦးရဲ့ စိန်ခေါ်မှုရှိတဲ့ ရာထူးနေရာတစ်ခုမှာ ရနိုင်ဖို့ ဖြစ်ပါလိမ့်မယ်။ မခိုင်သဉ္ဇာထွန်းအနေနဲ့ လုပ်ခလစာ ကန်ဒေါ်လာ ၂,၀၀၀ ရတဲ့အလုပ်ကို ရှာဖွေနေတာဟာ မှန်ကန်တယ်ဆိုတာ သံသယဖြစ်စရာ မရှိ ပါဘူး။
“ကျွန်မမှာ လုပ်နိုင်စွမ်းရှိတယ်၊ အရောင်းမြှင့်တင်ရေး စွမ်းရည်ရှိတယ်၊ ဆေးဝါးနဲ့ပတ်သက်တဲ့ ဘွဲ့တစ်ခု ရထားတယ်” လို့ သူက ဆိုပါတယ်။ မခိုင်သဉ္ဇာထွန်းရဲ့ လစာရည်မှန်းချက် အောင်မြင်ရေးအပေါ် ယုံကြည်မှုက အရမ်းကို လေးစားဖို့ ကောင်းပါတယ်။ မေးခွန်းတစ်ခုကတော့ မြန်မာနိုင်ငံမှာ သူ့လို အလုပ်အကိုင် ရှာဖွေသူ လူငယ် ဘယ်လောက်များများရှိသလဲ ဆိုတာပဲ ဖြစ်ပါတယ်။