ရန်ကုန်၊ ဖေဖော်ဝါရီ ၄
နေရောင်ခြည်စွမ်းအင် အသုံးပြုကာ လ ျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများ မီးလင်းစေရေးအတွက် ကျေးရွာမီးလင်းရေး ဗဟိုဌာန ၁၀၀ ကို ယခုနှစ်အတွင်း တည်ဆောက်တပ်ဆင်သွားရန် JJ-Pun က စီစဉ်နေသည်။
Jebsen & Jessen (SEA) နှင့် Serge Pun & Associates တို့ ပူးပေါင်းကာ ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် JJ-Pun Ltd က လူအဖွဲ့အစည်းကို ကူညီရန်နှင့် လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူသည့် လုပ်ဆောင်မှုအနေဖြင့် နေရောင်ခြည်သုံး မီးပေးစနစ်များကို တပ်ဆင်သွားရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ကျေးရွာ မီးလင်းရေး ဗဟိုဌာနများသည် (Community Light Centers) များသည် ၁,၀၀၀ စတုရန်းမီတာသာ ကျယ်ဝန်းပြီး ဘောလုံးကွင်းငယ် တစ်ကွင်းမ ျှသာဖြစ်သော်လည်း မျိုးဆက်သစ် အယ်လ်အီးဒီစနစ်ကို အသုံးပြုကာ နေရောင်ခြည်စွမ်းအင်ဖြင့် အလင်းရောင်ရရှိစေမည်ဖြစ်သည်။
Philips Lighting က အာဖရိကတိုက်တဝှမ်းတွင် ကျေးရွာမီးလင်းရေး ဗဟိုဌာနပေါင်း ၁၀၀ ကို ပြီးခဲ့သည့်နှစ်က တည်ဆောက်နိုင်ခဲ့သည့်အတွက် အဆိုပါ အောင်မြင်မှုနှင့် မြန်မာနိုင်ငံတွင် ပထမဆုံး မီးလင်းရေးဗဟိုဌာနကို တည်ဆောက်နိုင်မှုကို အခြေခံကာ ယခုစီမံချက်ကို စတင်ရန် စီစဉ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ကျေးရွာမီးလင်းရေး ဗဟိုဌာနကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ငါးစင်ရိုင်းကျေးရွာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာက တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျေးရွာမီးလင်းရေး ဗဟိုဌာနသည် လာမည့် နောင်နှစ်ပေါင်းများစွာတွင် ဆက်လက်လည်ပတ် အသုံးပြုနိုင်စေရန်အတွက် စက်ပစ္စည်း ကိရိယာများပါ ပြည့်စုံစွာ ပါဝင်မှာ ဖြစ်ပါတယ်” ဟု JJ-Pun ၏ အလင်းရောင်နှင့် ကေဘယ်လ်နည်းပညာဌာနမှ ခေါင်းဆောင်ဖြစ်သူ ကိုစောမင်းထက်က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ၈၄ ရာခိုင်နှုန်းသည် လ ျှစ်စစ်မီး မရရှိကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျေးရွာမီးလင်းရေး ဗဟိုဌာနများသည် ညဖက်များတွင် အလင်းရောင်ရရှိစေမည့် အများပြည်သူပိုင် နေရာများ ဖြစ်လာမည်ဖြစ်ရာ ကျေးရွာလူထုအတွက် အကျိုးရှိစေနိုင်မည် ဖြစ်သည်။
“အသုံးပြုနိုင်သည့် နည်းတွေ များစွာရှိပါတယ်။ ရပ်ကွက်ဘောလုံးပွဲများနှင့် အခြား ယဉ်ကျေးမှုဆိုင်ရာ ပွဲများ၊ အသေးစား ဈေးပွဲတော်များ၊ ပညာရေးဆိုင်ရာ သင်တန်းပို့ချမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ တွေ့ဆုံမှုများစတဲ့ လှုပ်ရှားမှုတွေကို ကျေးရွာမီးလင်းရေး ဗဟိုဌာနမှာ ညအချိန် အတူတကွ လုပ်ဆောင်ခြင်းဖြင့် လူအဖွဲ့အစည်းတွင် အချင်းချင်း ပိုမိုနီးကပ်လာစေနိုင်ပါတယ်” ဟု JJ-Pun ၏ ဈေးကွက်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မန်နေဂျာ Julian Stefan က ပြောကြားသည်။
အဆိုပါ ကျေးရွာမီးလင်းရေးဗဟိုဌာန ၁၀၀ ကို လ ျှပ်စစ်မီး မရရှိသေးသည့် ဒေသများတွင် တည်ထောင်နိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများကိုလည်း JJ-Pun က ဖိတ်ခေါ်ထားသည်။
“ကျွန်တော်တို့အနေဖြင့် ကျေးရွာမီးလင်းရေး ဗဟိုဌာန စီမံကိန်းသည် လ ျှပ်စစ်စွမ်းအင် လက်လှမ်းမမှီသေးသည့် မြန်မာ့လူ့အဖွဲ့အစည်းများအတွက် များစွာသော အခွင့်အလမ်းများ ပေးလိမ့်မည်ဟု ယုံကြည်ပါတယ်။ ဒါကြောင့် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အတူလုပ်ကိုင်နေကြသည့် မိတ်ဖက်အဖွဲ့အစည်များ ရှိနေသည့်အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်” ဟု JJ-Pun ၏ မန်နေဂျင်းဒါရိုက်တာ Philip Hoffmann က ပြောကြားသည်။
သတင်း- ဆန်းဦး