ရန်ကုန်၊ မတ် ၁၀
အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားတစ်ဦး။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
အစိုးရအနေဖြင့် တက်ကြွလှုပ်ရှားသော ကျောင်းသားများအား အကြမ်းဖက် နှိမ်နှင်းမှုများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြသော ကျောင်းသားများအား လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက် နှိမ်နှင်းဖမ်းဆီးအရေးယူခဲ့မှု တစ်နှစ်ပြည့်မြောက်ခဲ့သည့် ယနေ့တွင် လူ့အခွင့်အရေးအုပ်စုများက မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ပြဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေအား ဆန္ဒပြသောအနေဖြင့် မန္တလေးမှ ရန်ကုန်သို့ ချီတက်ဆန္ဒပြသူများကို ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုသို့ အကြမ်းဖက်နှိမ်နင်းမှုကို နိုင်ငံတကာကလည်း ဝိုင်းဝန်းပြစ်တင်ခဲ့ကြသည်။
လက်ပံတန်းမြို့တွင် ဆန္ဒပြသူ ၁၂၇ ဦး၊ ဂျာနယ်လစ်များနှင့် အခြားရပ်ကြည့်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ထိုအထဲမှ ၇၇ ဦးမှာ ထောင်ဒဏ် ကိုးနှစ်ခွဲအထိ ပြစ်ဒဏ်ချခံရနိုင်သည့် ပြစ်မှုများနှင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Fortify Rights က ထုတ်ပြန်ထားသည်။
“မြန်မာအာဏာပိုင်တွေအနေနဲ့ ဆန္ဒပြကျောင်းသားတွေနဲ့ ထောက်ခံသူတွေကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုလိုပါတယ်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကလည်း ထုတ်ပြန်ခဲ့သည်။
ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီး တစ်နှစ်ကြာသည်အထိ အင်အားအလွန်အကျွံသုံးပြီး ဖြိုခွင်းမှုများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့များကို အာဏာပိုင်များက သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသေးဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ထားသည်။
“မြန်မာအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အဖွဲ့က ထပ်မံ ပြောကြားလိုပြီး အဖြစ်အပျက်တွေအတွက် အဓိက တာဝန်ရှိသူတွေလို့ သံသယဖြစ်ခံထားရသူတွေကိုလည်း နိုင်ငံတကာ စံနှုန်းအတိုင်း အရေးယူ စွဲချက်တင်ဖို့လည်း လုပ်ဆောင်ရပါမယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Fortify Rights အဖွဲ့က လက်ပံတန်းအရေးအခင်း တစ်နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းကို ထုတ်ပြန်ခဲ့ရာတွင်လည်း ရဲအရာရှိများက အင်အားသုံ းဖြေရှင်းခဲ့ကြောင်း ဖော်ပြထားခဲ့သည်။
မှတ်တမ်းတွင် မျက်မြင်သက်သေများ၏ ပြောကြားချက်များ၊ ဓါတ်ပုံပေါင်း ၅၀၀ ကျော်နှင့် ဗီဒီယိုပေါင်း ၄၀ ကျော်တို့ကို အသုံးပြုထားပြီး ရဲတပ်ဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်းရှိ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် ဆန္ဒပြသူများ၏ ခေါင်း၊ နောက်ကျောနှင့် ခြေထောက်များကို တုတ်များဖြင့် ရက်စက်စွာ ကန်ကျောက်၊ ရိုက်နှက်ခဲ့ကြောင်း ဖော်ပြထားသည်။
“အစိုးရအနေဖြင့် ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း အရေးယူသင့်သည်”ဟု Fortify Rights ၏ အမှုဆောင်ဒါရိုက်တာ မက်သရူးစမစ်က ဆိုသည်။
“ဖြိုခွင်းမှုတွေက နေ့ဘက်မှာ ဖြစ်ခဲ့တာပါ။ ရဲအရာရှိတွေ လက်နက်မပါတဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတွေကို ဗီဒီယိုနဲ့ ဓါတ်ပုံတွေမှာ အထင်းသား မြင်နိုင်ပါတယ်။ ဆန္ဒပြသူတွေက သံတိုင်နောက်ရောက်သွားပေမယ့် အဲဒီရဲတွေက အခုထိလွတ်လပ်နေတုံးပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ဆက်လက် အရေးယူမှုများလည်း ရှိနေသေးကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြောကြားသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မန္တလေးမှ ဆန္ဒပြကျောင်းသားများ တောင်ဘက်သို့ ချီတက်သွားစဉ် လိုက်လံ ထောက်ပံ့ခဲ့သူ မနီလာသိမ်းအား ဆန္ဒပြမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
“ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေ၊ ဆန္ဒပြသူတွေနဲ့ ထောက်ခံအားပေးသူတွေကို မကြာသေးခင်က ဖမ်းဆီးအရေးယူမှုတွေဟာ ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှား ဆန္ဒပြသူတွေကို ဥပဒေအရ အရေးယူသွားမယ်။ အရေးယူဖို့လည်း ကျိန်းသေ လုပ်ဆောင်လိမ့်မယ်လို့ ပြသရာရောက်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဧပြီလဆန်းမှာ အစိုးရသစ် တက်လာမယ်ဆိုပေမယ့် မြန်မာရဲတပ်ဖွဲ့နဲ့ တရားဥပဒေစိုးမိုးမှု ထိန်းချုပ်ရေးက စစ်တပ်အောက်မှာပဲ ရှိနေပါသေးတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြောကြားခဲ့သည်။
သတင်း- အိုလီဗာဆလိုး