သတင်းထောက်တစ်ဦးရဲ့အလုပ်ကို လုပ်နေရာကနေ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့အမှုကို ရင်ဆိုင်လိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ဇနီးသည်ဖြစ်သူတို့က သူတို့ရဲ့သမီးဦးလေးဟာ မိသားစုအတွက် ကံကောင်းခြင်းတွေ ဆောင်ယူလာလိမ့်မယ့်လို့ မျှော်လင့်ထားကြပါတယ်။
ရဲမွန် ရေးသားသည်။
လူမသိသုူမသိ ညှင်းပန်း နှိပ်စက်မှုတွေကို ဖော်ထုတ်ခဲ့တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ သူ့ဘဝထဲ မကြာခင်ဝင်လာတော့မယ့် ရင်သွေးငယ်အတွက် နာမည်ကျော် အင်းစိန်ထောင်ရဲ့ ကျဉ်းမြောင်းလှတဲ့ ဧည့်တွေ့ခန်းငယ်လေးထဲကနေ စိုးရိမ်စိတ်တွေ၊ မျှော်လင့်ချက်တွေအပြည့်နဲ့ ဗျာများနေပါတယ်။
မကြာခင်သူတို့ မိသားစုဘဝထဲ ဝင်ရောက်လာတော့မယ့် ရင်သွေးငယ် မွေးဖွားမယ့်ကိစ္စအတွက် အင်းစိန်ထောင်ဝင်းထဲက မှန်နံရံခြားထားတဲ့ ဧည့်ခန်းထဲမှာ ဇနီးသည်ဖြစ်သူကို မေးမြန်းနေပါတယ်။ အဲဒီအမျိုးသားဟာ မြန်မာနိုင်ငံရေးဖြစ်စဉ်ကို ကိုင်လှုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ရေးသားရင်း ဆယ်စုနှစ်တစ်ခုကျော်ကြာ ထောင်ကျခံရနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆို ခံထားရသူတစ်ဦးပါ။
အစိုးရက တရားလိုပြုလုပ် တရားစွဲဆိုထားတဲ့ အမှုကို ရင်ဆိုင်ဖို့ တရားခွင်ကို ရောက်လာတိုင်း သတင်းလာယူတဲ့ သတင်းထောက်တွေကို လက်နှစ်ဖက် ကျစ်ကျစ်ပါအောင်ဆုတ်ရင်း လက်မထောင်ကာ အမြဲ ပြုံးပြီး နှုတ်ဆက်တတ်သူလည်း ဖြစ်ပါတယ်။
သူကတော့ နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ ကိုဝလုံးလို့ လူသိများတဲ့ သူဟာ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ကိုကျော်စိုးဦးနဲ့အတူ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရတာ ရှစ်လနီးပါးရှိနေပြီဖြစ်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ စွဲချက်တင်ခံထားရသူတွေ ဖြစ်ပါတယ်။
သူ့ရဲ့ ပထမဦးဆုံး သမီးဦးလေးမွေးဖို့ ခြောက်ရက်သာလိုတော့တဲ့ ကာလမှာ ကိုဝလုံးဟာ ဇနီးသည်အတွက် စိုးရိမ်ပူပင်နေသလို သမီးလေးနားနဲ့ သူ့ရဲ့ ဇနီးအနားမှာ နေခွင့်မရတဲ့အတွက် ဖခင်တစ်ယောက်ပီပီ အကျဉ်းထောင်ထဲမှာ စိတ်မကောင်းခြင်းများစွာနဲ့ နေနေရပါတယ်။
“စိတ်ထဲမှာတော့ ခံစားရတယ်။ ကိုယ်ဝန်ရှိမှန်းတောင် အထဲရောက်မှ သိရတာ။ ကိုယ်ဝန်လွယ်ထားရတဲ့ ကိုယ့်ဇနီး အားငယ်နေရင်တောင် အားပေးလို့မရဘူး။ ကလေးအတွက်လည်း စိတ်ကူးတွေ အများကြီးရှိတယ်။ အမြဲတမ်း တွေးနေတယ်။ အရမ်းကြီး စိတ်ဓာတ်ကျတာမျိုးတော့ မဖြစ်ဘူး။ ဒါပေမယ့် စိတ်မကောင်းတော့ ဖြစ်တာပေါ့” လို့ ကိုဝလုံးက အသံတုန်ရင်စွာနဲ့ ပြောပါတယ်။
အများအပေါ် သဘောကောင်းတဲ့ ကိုဝလုံးတစ်ယောက် အခုလိုအဖြစ်မျိုး ဖြစ်လာမှာကို သူရော၊ သူမိသားစုပါ ကြိုတင် မထင်ထားခဲ့သလို ဖြစ်လာတဲ့အချိန်ကလည်း သမီးဦးရမယ့်အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် သူတို့ ဇနီးမောင်နှံအတွက် ကြမ္မာဆိုးတစ်ခုလို ဖြစ်နေတယ်လို့ သူရော၊ သူ့ဇနီးကပါ ခံယူထားပါတယ်။
ကိုဝလုံးကတော့ သူ့အနေနဲ့ ကလေးယူဖို့ အများကြီးပြင်ဆင်ခဲ့ရတာဖြစ်သလို ကလေးကိုလည်း ကိုယ်ကြုံတွေ့ခဲ့ရသလို အဖြစ်အပျက်မျိုးတွေ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
”သမီးလေးကို ကိုယ်မရတဲ့ ပညာရေးမျိုး ရစေချင်တယ်။ ကိုယ့်လို သတင်းထောက်မျိုး မဖြစ်စေချင်ဘူး။ သတင်းထောက်အလုပ်ကို မကြိုက်လို့တော့ မဟုတ်ဘူး။ မိန်းကလေးဆိုတော့ လူသားတွေအတွက် အကျိုးပြုမယ့် သုတေသနပညာရှင်မျိုး ဖြစ်စေချင်တယ်”လို့ သူက ဆိုပါတယ်။
ဇနီးသည်ဖြစ်သူ မပန်းအိမွန်ကလည်း သူ့ရဲ့သမီးလေးကို တိုင်းပြည်အတွက် အကျိုးပြုမယ့် ပညာတတ်တစ်ယောက် ဖြစ်စေချင်ပြီး သူ့အမျိုးသားလို သတင်းထောက်အလုပ်ကို စိတ်ဝင်စားမယ်ဆိုရင်လည်း မိခင်တစ်ယောက်အနေနဲ့ ကန့်ကွက်သွားမှာတော့ မဟုတ်ဘူးလို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
“သူ့အဖေက ပရဟိတလုပ်ငန်းတောင် ပညာရေးနဲ့ ပတ်သက်တာကိုပဲ လုပ်တယ်။ ကလေးကို ဘာဖြစ်စေချင်တယ် ဆိုတာမျိုး လုပ်မှာတော့ မဟုတ်ဘူး။ သမီးဝါသနာပါတဲ့အလုပ်နဲ့ပဲ သူ့ဘဝကို လျှောက်လှမ်းစေချင်တယ်” လို့ မပန်းအိက ပြောပါတယ်။
ဒါပေမယ့် မပန်းအိအတွက်ကတော့ အခုချိန်မှာ အခက်ခဲဆုံးကာလကို ရောက်နေပါတယ်။ ကလေးမွေးဖွားတဲ့ အချိန်မှာတော့ ဖခင်ရော၊ မိခင်ဖြစ်သူပါ သူတို့ဘဝထဲရောက်လာမယ့် သမီးလေးကို အတူကြိုဆိုချင်တဲ့ စိတ်ကတော့ သူတို့နှစ်ယောက်စလုံးမှာ ရှိနေမှာပါ။
”ကလေးရရင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာမျိုးကို သူကိုယ်တိုင် ညွှန်ကြားမှာဆိုပြီး ကလေးမရခင် အချိန်တုန်းက ဝလုံးပြောခဲ့တာ ရှိတယ်။ ဒါပေမယ့် အခုကတော့ ဝဋ်ကြွေးတစ်ခုလိုပါပဲ။ ဝဋ်ကြွေးဆိုရင်တောင် ဘာမှမသိတဲ့ ကလေးကိုတော့ မထိခိုက်စေချင်ဘူး”လို့ မပန်းအိမွန်က ပြောပါတယ်။
သြဂုတ် ၁ဝ ရက်နေ့မှာ သူတို့ဘဝထဲရောက်လာမယ့် သမီးလေးကို ကံကောင်းခြင်းတွေ ယူလာမယ့် နတ်သမီးလေးအဖြစ် သူတို့ဇနီးမောင်နှံနှစ်ဦးလုံးက သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ကိုဝလုံးကိုယ်တိုင်ကလည်း သူ့ရဲ့ သမီးလေးနာမည်ကို အိန်ဂျလီနာ သက်ထားအိမွန်ဆိုပြီး ပေးဖို့ စဉ်းစားထားပါတယ်။
“အိန်ဂျလီနာဆိုတာ အိန်ဂျယ် (နတ်သမီး)လေးပေါ့။ အဖေဖြစ်သူ ကံဆိုးတဲ့အချိန်မှာ ကံကောင်းခြင်းတွေ ယူဆောင်လာမယ့်သူလို့ မျှော်လင့်ပြီး ပေးထားတာပါ။ မပန်းအိလည်း သဘောတူမယ်ထင်တာပဲ” လို့ ကိုဝလုံးတစ်ယောက် သူ့သမီးနာမည်ကို ပီတိဖြစ်တဲ့ဟန်နဲ့ ရယ်မောရင်း ပြောပြပါတယ်။
အင်းစိန်အကျဉ်းထောင်ရဲ့ ဧည့်တွေ့ခန်းမှာ သမီးအမည်နဲ့ ပတ်သက်ပြီး ဇနီးမောင်နှံနှစ်ဦး ငြင်းခုံပြောဆိုနေတာကတော့ ကြည်နူးစရာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မပန်းအိမွန်က သူ့ခင်ပွန်းပေးစေချင်တဲ့ နာမည်ကိုပဲ သမီးလေးကိုပေးဖို့ သဘောတူပေးလိုက်ပါတယ်။
“နတ်သမီးလေးလို တင်စားပြီးပေးထားတဲ့ နာမည်လည်း ဖြစ်တယ်။ အမြဲတမ်း ဝလုံးကိုပဲ ဦးစားပေးလာတဲ့ အနေအထားဆိုတော့ သူပေးချင်သလိုပဲ ပေးပါစေ”လို့ မပန်းအိမွန်က ဆိုပါတယ်။
ကိုဝလုံးတို့ဇနီးမောင်နှံ ကြုံတွေ့နေရတဲ့ အခက်အခဲ အဖြစ်အပျက်တွေကို ဘေးကကြည့်နေရတဲ့သူတွေလည်း ထပ်တူ စိတ်မကောင်း ဖြစ်နေကြပါတယ်။
မြန်မာတိုင်း(မ်)သတင်းဌာနမှာ ကိုဝလုံးနဲ့ တစ်နှစ်ကျော်ကြာ အလုပ်အတူ တွဲလုပ်ဖူးခဲ့တဲ့ မမြတ်ငြိမ်းအေးကတော့ ကိုဝလုံးတို့ ဇနီးမောင်နှံဟာ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ် ရှိတဲ့သူတွေမဟုတ်သလို အကျင့်စာရိတ္တကောင်းတဲ့ သူတွေဖြစ်ကြတာကြောင့် အခုလို သူတို့ကြုံတွေ့နေရတာတွေကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။
“သူအပြင်မှာရှိနေရင် မပန်းအိကို သေချာစောင့်ရှောက်ပေးမှာ။ ကိုဝလုံးက သူ့မိန်းမကို တုန်အောင် ချစ်တဲ့သူလေ။ အဲဒီလိုလူက ဒီလိုအချိန်မှာ အခုလိုဖြစ်နေတော့ စိတ်လည်းမကောင်းဘူး”ဟု မမြတ်ငြိမ်းအေးက ပြောပါတယ်။
မပန်းအိမွန်ကတော့ ခင်ပွန်းသည် လွတ်မြောက်မယ့်ရက်နဲ့ သမီးလေးမွေးမယ့်ရက် အတူတူဖြစ်စေလိုတဲ့ ဆုတောင်းကို ပြည့်ချင်တဲ့ ဆန္ဒတွေပြင်းပြနေပြီး လွတ်လာမယ်ဆိုပါက ခင်ပွန်းသည်ဆီ ချက်ချင်းသွားတွေ့မယ်လို့ သူက စဉ်းစားထားပါတယ်။
”ကလေးမွေးပီးတဲ့နေ့မှာပဲ လွတ်ပါစေလို့ ဆုတောင်းပါတယ်။ သူ့သမီးလေးမျက်နှာကိုလည်း သူမြင်ချင်နေမှာပဲလေ။ သူသာ လွတ်လာမယ်ဆိုရင် မိသားစုအတွက် အရမ်းပျော်ရတဲ့ နေ့လည်းတစ်နေ့ ဖြစ်လာမှာပဲ”လို့ မပန်းအိမွန်က ဆိုပါတယ်။
သမီးငယ်လေးတစ်ဦးရှိတဲ့ ကိုကျော်စိုးဦးနဲ့အတူ ပြီးခဲ့တဲ့ဒီဇင်ဘာလက အဖမ်းခံခဲ့ရပြီးနောက် အမှုရင်ဆိုင်ခဲ့တဲ့ ရုံးချိန်း ၃၄ ကြိမ်တိုင် ကိုဝလုံးတို့ ဇနီးမောင်နှံဟာ တစ်ယောက်လက် တစ်ယောက်တွဲပြီး တရားခွင်ထဲကို အတူတူ ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် သြဂုတ် ၁ဝ ရက်နောက်ပိုင်း ပြုလုပ်မယ့် ရုံးချိန်းတွေမှာတော့ မွေးလာတဲ့ သမီးလေးကြောင့် ဇနီးသည်ဖြစ်သူနဲ့အတူ တရားခွင်ထဲကို အတူတူ ဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
”ကျန်းမာရေးကို ဂရုစိုက်နော်။ သမီးလေးကိုလည်း ဂရုစိုက်”ဆိုပြီး ကိုဝလုံးက ဇနီးသည်ဖြစ်သူကို နှုတ်ဆက်ကာ အင်းစိန်ထောင် ဧည့်တွေ့ခန်းကနေ စိတ်အားတင်းရင်း ကျောခိုင်းထွက်သွားပါတော့တယ်။
မှတ်ချက်- ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်သည် ၎င်းတို့၏ သမီးဦးဖြစ်သူ သက်ထားအိန်ဂျယ်အား သြဂုတ် ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။
ခေါင်းစီးဓာတ်ပုံ- ရုံးချိန်းတိုင်းမှာ ကိုဝလုံးတို့ ဇနီးမောင်နှံဟာ တက်ယောက်လက်ကို တစ်ယောက်တွဲပြီး တရားခွင်ထဲ အတူဝင်လာကြလေ့ရှိပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ