ကိုယ်ဝန်ဆောင်များအတွက် ငွေထောက်ပံ့မှု (သို့) တက်လမ်း၏ အောင်မြင်မှုဇာတ်လမ်း

ဤကြော်ငြာဆောင်းပါးကို တက်လမ်းစီမံကိန်းက စီစဉ် ရေးသားထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသရှိ ကျေးရွာပေါင်း ၃ဝ တွင် ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့မှုအစီအစဉ်ဖြင့် ၂ဝ၁၄ ခုနှစ်မှာ စတင်ခဲ့သည့် တက်လမ်းအာဟာရစီမံချက်၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏အခြားဒေသများတွင်လည်း အလားတူအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရေးအတွက် အစိုးရအား အထောက်အပံ့ကောင်း ဖြစ်စေခဲ့သည်။

မို့မို့သော် နှင့် Margarite Clarey / တက်လမ်းစီမံကိန်းမှ ရေးသားသည်။

ကိုယ်ဝန်ဆောင်ကာလနှင့် မွေးဖွားပြီး ပထမနှစ်များအတွင်း ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာကျွေးမွေးခြင်း၏အရေးပါပုံကို မညိုညိုထွန်းတစ်ယောက် ကောင်းကောင်းကြီးသိရှိလေသည်။ သို့သော်လည်း ရခိုင်ပြည်နယ်ကျေးလက်ဒေသများရှိ အလွန်ဆင်းရဲကြသည့် အိမ်ထောင်စုများမှ မိခင်အများစုကဲ့သို့ပင် ထိုအသိကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကာလရှည်ကြာ ရုန်းကန်ခဲ့ရသည်။

မညိုညိုထွန်း၏မိသားစုတွင် ခင်ပွန်းသည်နှင့် သား၊ သမီးသုံးဦးတို့ရှိပြီး မင်းပြားမြို့နယ် အတွင်းရှိ ရင်းချောင်းကျေးရွာတွင် နေထိုင်ကြပါသည်။ နေအိမ်တွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်ငယ်ကလေးမှ ဝင်ငွေဖြင့် တစ်မိသားစုလုံး၏စားဝတ်နေရေးအား ဖြည့်ဆည်းနိုင်ရန် လုံးပန်းနေရခြင်းကြောင့် လစဉ်အသုံးစားရိတ်ကို အလျင်မီရေးအတွက် စားရေးသောက်ရေးအား တတ်နိုင်သမျှ ချွေတာကြရလေသည်။

ထိုကဲ့သို့အခြေအနေမျိုးကို မြန်မာနိုင်ငံ၏နေရာတိုင်းတွင် တွေ့ရလေ့ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် နေထိုင်စားသောက်မှုအခြေအနေကို ပူးတွဲအကဲဖြတ်ချက်တစ်ခုအရ အိမ်ထောင်စုများ၏သုံးပုံတစ်ပုံမှာ ငွေကြေးချို့တဲ့မှုကြောင့် ၎င်းတို့၏အစားအစာကို ကန့်သတ်နေရပြီး မိသားစု ရှစ်ရာခိုင်နှုန်းမှာ မကြာခဏ စားစရာ ပြတ်လပ်လေ့ရှိသည်။

အာဆီယံဒေသတွင်း ငါးနှစ်အောက်ကလေးများ အာဟာရချို့တဲ့မှု အမြင့်မားဆုံးနိုင်ငံများ တွင် မြန်မာလည်းပါဝင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂ဝ၁၅-၁၆ ကျန်းမာရေးစစ်တမ်းအရ အာဟာရချို့တဲ့မှုကြောင့် ကလေး ၂၉ ရာခိုင်နှုန်းမှာ ခန္ဓာကိုယ်ပုညှပ်နေကြပြီး ခုနစ်ရာခိုင်နှုန်းမှာ အားနည်းပိန်လှီမှုကို ခံစားနေကြရသည်။

အသက်နှင့်ယှဉ်လျှင် ပုလွန်း၊ ပိန်လွန်းသည့် ကလေးများတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းလျော့နည်းပြီး ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။

ယခု အသက်ရှစ်လအရွယ်ရှိနေပြီဖြစ်သော သူ၏သမီးလေးကိုမမွေးခင်က မညိုညိုထွန်းသည် မိခင်နှင့် ကလေးအတွက် ငွေကြေးထောက်ပံ့ပေးသော တက်လမ်းအစီအစဉ်တွင် ပါဝင်မှတ်ပုံတင်ခဲ့သည်။ ယင်းအစီစဉ်သည် ကလေးအသက် ပထမရက်ပေါင်း ၁,ဝဝဝ (ကိုယ်ဝန်သုံးလမှ ကလေးအသက် ၂ နှစ်အထိ) အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များကို တစ်လလျှင် ကျပ် ၁၅,ဝဝဝ ထောက်ပံ့ပေးခြင်းပင်ဖြစ်သည်။ ယင်းကာလကို ကလေးငယ်၏ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု အတွက် အရေးကြီးဆုံးဖြစ်သည်ဟု သတ်မှတ်ထားပြီး ခန္ဓာကိုယ်ပုညှက်ပိန်လှီမှုဖြစ်ခြင်းကို ကာကွယ်ရန်လည်း အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

ငွေပိုလေးရှိလာသည့်အခါ ဒေါ်ညိုညိုထွန်းသည် ၎င်း၏ ကိုယ်ဝန်ဆောင်ကာလနှင့် ကလေးအား မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ရသည့် ခြောက်လတာကာလအတွင်း ကောင်းမွန်စွာ စားသောက်နိုင်ခဲ့သည်။ “အရင်ကိုယ်ဝန်ဆောင်ကာလတွေထက် အများကြီးပိုပြီးကျန်းမာတယ်လို့ ခံစားရတယ်”ဟု ၎င်းကဆိုရင်း ခါးတွင်ချီပိုးထားသည့် ပြည့်ပြည့်ဖောင်းဖောင်း သမီးငယ်လေး နှင်းဧကရီထွန်းကို လှုပ်ရမ်းကျီစယ်လိုက်ပါသည်။

“အဲဒီငွေက ကျွန်မအတွက် အများကြီး အကူအညီရခဲ့တယ်”ဟုလည်း သူက ပြောသည်။

လက်ရှိမှာ သူ့သမီးလေးကို ထမင်းနှင့် ဟင်းများကျွေးနေပြီမို့ ကလေးအတွက် အာဟာရပြည့်ဝသော အစားအစာများဝယ်ယူရန်အတွက်ငွေကို သပ်သပ်ဖယ်ထားသည်ဟု လည်း ဆိုပါသည်။ “ဒီငွေကို ကျွန်မ သမီးအတွက်ပဲသုံးဖို့ သေချာအောင်လုပ်ပါတယ်”ဟု ၎င်းကပြောသည်။

တက်လမ်းမှ လုပ်အားပေးဖြစ်သူ မသင်းဖြူဖြူဝင်းက မိခင်နို့တိုက်ကျွေးမှုနှင့် ပတ်သက်ပြီး တွေ့ကြုံရသည့် အတားအဆီးများကို ရေးသားနေစဉ်။ ဓာတ်ပုံ-တက်လမ်း

တက်လမ်းမှ လုပ်အားပေးဖြစ်သူ မသင်းဖြူဖြူဝင်းက မိခင်နို့တိုက်ကျွေးမှုနှင့် ပတ်သက်ပြီး တွေ့ကြုံရသည့် အတားအဆီးများကို ရေးသားနေစဉ်။ ဓာတ်ပုံ-တက်လမ်း

၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ကျေးရွာ ၃ဝ တွင် စမ်းသပ်လုပ်ဆောင်ချက်အဖြစ် စတင်ခဲ့သည့် တက်လမ်း၏ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် အာဟာရစီမံချက် (Maternal and Child Cash Transfer) သည် မြန်မာနိုင်ငံတွင် ပထမဆုံးပင် ဖြစ်သည်။ အာဟာရအကြောင်း အသိပညာပေးခြင်း၊ အာဟာရနှင့်စပ်ဆိုင်သည့် အမူအကျင့်များ ပြောင်းလဲစေရေးသင်တန်းများနှင့်အတူ လစဉ်ငွေကြေးထောက်ပံ့မှုကို ပေါင်းထည့်ထားသည့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) မှထောက်ပံ့သော စီမံကိန်းသည် အရေးကြီးဆုံးသော ရက်ပေါင်း ၁,ဝဝဝ ကာလအတွင်း ကလေးများကျန်းမာစေရန်နှင့် အာဟာရကောင်းမွန်စွာ ရရှိနိုင်ရန် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့ရှိ မိခင်ပေါင်း ၁၁,၄၄ဝ ဦးအတွက် အသိပညာနဲ့ ငွေကြေးထောက်ပံ့မှုများ ပံ့ပိုးပေးခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ငွေကြေးထောက်ပံ့မှုသည် မိခင်နှင့် မိခင်လောင်းများအတွက် အသက်ကယ်ကြိုး တစ်ချောင်း ဖြစ်နိုင်ပေသည်။ ထောက်ပံ့ငွေသည် ၎င်း၏ ရပ်ရွာအသိုင်းအဝိုင်းရှိ မိခင်နှင့် ကလေးများအတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်စေကြောင်း မြေပုံမြို့နယ်၊ အလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုလှသိန်းထွန်းက ပြောသည်။

“မိခင်အများစုက ဆင်းရဲတော့ မိသားစုအတွက် မရှိမဖြစ်တာတွေဝယ်ဖို့ သူတို့ဝင်ငွေကို အတော်ကို ဂရုတစိုက်စီမံရတာ။ ကလေးငယ်လေးတွေကို ဦးစားပေးဖို့ သူတို့အတွက် ခက်ခဲပါတယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်တွင် ပြုလုပ်နေသည့် တက်လမ်း၏ မိခင်များနှင့် ကလေးများအား ငွေကြေးထောက်ပံ့မှုပေးသော စီမံကိန်း (MCCT) ကို လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ယင်းသို့လွှဲပြောင်းပေးမှုသည် တက်လမ်း၏ အောင်မြင်နေသောစီမံကိန်းကို စံနမူနာယူကာ နိုင်ငံတစ်ဝန်းရှိ ရွေးချယ်ထားသည့်နေရာများတွင် ငွေကြေးထောက်ပံ့မှုကို ဆောင်ရွက်သွားမည့် အစိုးရ၏အစီအစဉ်သစ်များတွင် တစ်စိတ်တစ်ပိုင်းဖြစ်လာစေမည်ဖြစ်သည်။

“တိုင်းပြည်တည်ဆောက်တဲ့အခါ infrastructure ပေါ်မှာ ရင်းနှီးမြုပ်နှံရသလိုပဲ ကျွန်တော်တို့ရဲ့လူသားအရင်းအမြစ်မှာလည်း ရင်းနှီးမြုပ်နှံဖို့ လိုပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောသည်။

“ကျွန်တော်တို့ရဲ့ ပြည်သူတွေဆီမှာ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးအချိန်က သူတို့ရဲ့ မွေးကင်းစအချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလကနေ အခါလည်ထိပေါ့။ ပြီးတော့ အာဟာရကနေ ကျွန်တော်တို့ ဘယ်လိုရင်းနှီးမြုပ်နှံမလဲပေါ့”ဟုလည်း ၎င်းက ဆိုသည်။

အစိုးရစီမံကိန်းကို ၂ဝ၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် စတင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့လုပ်ဆောင်ခဲ့သည်။

ဒါ့ပြင် ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်မှစ၍ အကျိုးခံစားခွင့်များ စတင်ရရှိစေရန် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးများအတွက် အစီအစဉ်များ ချမှတ်ပြီးဖြစ်ကြောင်းလည်း ဦးကျော်လင်းထင်က ပြောသည်။

ယခုကဲ့သို့ ပေးအပ်သောထောက်ပံ့ငွေသည် လူမှုစီးပွားအဆင့်အတန်း ခွဲခြားထားခြင်း မရှိဘဲ အားလုံးအတွက် ဖြစ်သည်ဟုလည်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် Save the Children မှ တက်လမ်း၏ ရှေ့ပြေးအစီအစဉ်ကို စတင်ခဲ့ပြီး သည့်နောက် နှစ်လအကြာတွင် အစိုးရ၏ အမျိုးသားလူမှုကာကွယ်ရေးမဟာဗျူဟာ စီမံချက်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ စီမံချက်များထဲမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ရေးအစီအစဉ်သည် အထူးဦးစားပေးဆောင်ရွက်ရမည့် အချက်ဖြစ်ခြင်းကြောင့် အစိုးရ၏အစီအစဉ် စတင်ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

တက်လမ်းဝန်ထမ်းတစ်ဦးထံမှ ထောက်ပံ့ငွေ ရယူနေသည့် မိခင်တစ်ဦး။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

တက်လမ်းဝန်ထမ်းတစ်ဦးထံမှ ထောက်ပံ့ငွေ ရယူနေသည့် မိခင်တစ်ဦး။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

ကလေးသူငယ်များအတွက် အာဟာရရှိရေးသည် အလှူရှင်များနှင့် အစိုးရ၏ အစီအစဉ်တွင် ထိပ်တန်းမှပါဝင်နေချိန်တွင် အာဟာရဆိုင်ရာအမူအကျင့်များ ပြောင်းလဲ ပေးရေးသင်တန်းများနှင့် ထောက်ပံ့ငွေဖြန့်ဝေမှုများ၏ အလားအလာကောင်းမှုကို တက်လမ်း၏စီမံချက်မှ ပြသခဲ့သည်ဟု Save the Children မှ အစားအစာဖူလုံရေးနှင့် အသက်မွေးမှုအကြံပေး မစ္စတာ နစ်ကလပ်စ်ဂီးလော့ဒ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တက်လမ်းမှ လုပ်ဆောင်နေမှုများအား အစိုးရတာဝန်ရှိသူများ သွားရောက်လေ့လာခဲ့ကြပြီး ယင်းခရီးစဉ်များမှတစ်ဆင့် အမျိုးသမီးများထံသို့ ထောက်ပံ့ငွေများရောက်ရှိစေပြီး အာဟာရနှင့် ကျန်းမာရေးအတွက် မှန်ကန်သောအသိဖြင့် အသုံးပြုနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ဂီးလော့ဒ် ကဆိုသည်။

“အစိုးရက သူ့အစီအစဉ်တွေကို ရေးဆွဲချမှတ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဒီစီမံကိန်းကို လုပ်နေပြီးသားဆိုတော့ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကို အစိုးရကို ပြောပြပေးနိုင်တယ်”ဟု ၎င်းကဆိုသည်။

ထောက်ပံ့ငွေများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မိခင်များထံသို့ အခက်အခဲမရှိဘဲ ပုံမှန်ရောက်ရှိသကဲ့သို့ ယင်းငွေများကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ဝယ်ယူရာတွင် မှန်ကန်စွာအသုံးပြုရန်လည်း သင်ကြားပေးပါသည်။ ဝေးလံခေါင်သီသော ရခိုင်ကျေးရွာများတွင် ရွာအများအပြားမှာ ရေလမ်းခရီးသာရှိပြီး တက်လမ်းဝန်ထမ်းများနှင့် ရွာများရှိ လူထုအာဟာရမြှင့်တင်ရေးမှူးများသည် မိခင်များအတွက်ပြုလုပ်ပေးသည့် ပညာပေးသင်တန်းများတွင် လစဉ်ထောက်ပံ့ငွေများအား လူကိုယ်တိုင်ပေးဝေကြပါသည်။

အာဟာရသင်တန်းမတိုင်မီ ထောက်ပံ့ငွေများ ရောက်လာသောအခါမျိုး (သို့) ရာသီဥတုဆိုးရွာချိန်မျိုး၊ အစိုးရရုံးပိတ်ရက်များရှိပါက တစ်လစာထက်ကျော်လွန်ပြီး ငွေတလုံးတည်းတခဲတည်းအား ပေးဝေထားသည့်အခါ အမျိုးသမီးများသည် ၎င်းတို့အနေဖြင့် ရရှိသောငွေကြေးများအား ရေရှည်ခံအောင်နှင့် ကလေးများ၏ အာဟာရ တစ်မျိုးတည်းအတွက် သုံးစွဲဖြစ်အောင် စီမံခန့်ခွဲရသည်မှာ အခက်အခဲရှိသည်ဟု ဆိုကြပါ သည်။

“တကယ်လို့ ငွေကို တခြားကိစ္စတွေအတွက် သုံးလိုက်မယ်ဆိုရင် မိခင်နဲ့ ကလေးဟာ အာဟာရမရတော့သလို ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းဟာလည်း အောင်မြင်မှာ မဟုတ်ဘူး”ဟု မြေပုံရှိ ကျန်းမာရေးဌာနမှ မြို့နယ်ကျန်းမာရေးမှူးအဆင့် (၁) ဖြစ်သည့် ဦးကျော်လှစိန်က ပြောသည်။

သို့သော်လည်း လူသားအရင်းမြစ်များမရှိခြင်းကြောင့် အစိုးရအစီအစဉ်၏ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကလေးသူငယ်ကျွေးမွေးစောင့်ရှောက်ရေး အမူအကျင့်များမြင့်မားစေရေးအတွက် အသိပညာပေးခြင်းအစိတ်အပိုင်းများမှာ ရပ်တန့်နေသကဲ့သို့ဖြစ်နေပေသည်။

“အာဟာရဟာ မိသားစုတစ်ခုအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ မိခင်တွေကို ရှင်းပြဖို့လိုပါတယ်။ ကျွန်တော်တို့ ပညာပေးဖို့ ကြိုးစားပါတယ်။ ဒါမှ သူတို့ရဲ့အပြုအမူ အလေ့အထတွေကို ကျွန်တော်တို့က ပြောင်းလို့ရမှာပါ။ အဲဒါ ကျွန်တော်တို့ရဲ့ တာဝန်ပါ” ဟု ဦးကျော်လှစိန်က ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးသည် တက်လမ်းကျေးရွာများသို့ ၂၀၁၇ ခုနှစ်၊ မေလအတွင်းက သွားရောက်ခဲ့သည်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးသည် တက်လမ်းကျေးရွာများသို့ ၂၀၁၇ ခုနှစ်၊ မေလအတွင်းက သွားရောက်ခဲ့သည်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

အစိုးရ၏စီမံခန့်ခွဲမှုဖြင့် ထောက်ပံ့ငွေပေးအပ်သည့်အစီအစဉ်များ စတင်အရှိန်ရလာခြင်း ကြောင့် တက်လမ်းအနေဖြင့် ၂ဝ၁၉ ခုနှစ်မှစတင်ပြီး အာဟာရပညာပေးရေးလုပ်ငန်းများ ကိုသာ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းအတွက် မြေပုံ၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် မိခင်များအား အနီးကပ်အကြံပေးလမ်းညွှန်မှုများ ပြုလုပ်ပေးနိုင်ဖို့်အတွက် ရပ်ရွာအခြေပြုလူထုအာဟာရ မြှင့်တင်ရေးမှူးများအား တက်လမ်းမှ ခန့်အပ်ပြီး သင်တန်းများ ပေးအပ်လျက်ရှိသည်။

“မိခင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သူ့တို့အိမ်တွေဆီသွားပြီး ဆွေးနွေးမှုတွေ လုပ်ပေးတယ်”ဟု ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မြေပုံမြို့မှာကျင်းပခဲ့သည့် ကလေးအသက် ပထမရက် ၁ဝဝဝ အတွင်း မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုင်ရာ အဆင့်မြင့်သင်တန်းကိုတက်ရောက်ခဲ့သူဖြစ်သည့် မြိုင်သာယာကျေးရွာမှ လူထုအာဟာရမြှင့်တင်ရေးမှူး မသင်းဖြူြုဖူဝင်းက ပြောသည်။

ယင်းသင်တန်းတွင် မိခင်များ ကလေးနို့တိုက်သည့်အခါ ရှိနေသင့်သည့်ကိုယ်ဟန်ပုံစံ၊ မိခင်အပြင်သွားရန်လိုအပ်သည့်အခါ ကလေးအတွက် နို့ ညှစ်ထုတ်ပြီး မည်သို့ထားသို ရမည့်ဆိုတဲ့အချက်တွေကို ထည့်သွင်းသင်ကြားပေးခြင်းဖြစ်သည်။ သူကြုံတွေ့ရသည့် အခက်အခဲများအပြင် ကလေးများအား မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးနှင့် မိခင်နှင့် ကလေး မှန်ကန်သောအာဟာရရရှိရေးတို့အတွက် ကျော်ဖြတ်ရမည့် စိန်ခေါ်မှုများမှာ ရပ်ရွာရှိသက်ကြီးများပင်ဖြစ်သည်ဟုလည်း မသင်းဖြူဖြူဝင်းက ဆိုသည်။

”မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးဖို့အကြောင်းကို မိခင်တွေနဲ့ဆွေးနွေးတဲ့အခါ သူတို့နားထောင်ပေးကြတယ်။ ဒါပေမဲ့ မိရိုးဖလာအစဉ်အလာတွေကနေ ကွဲထွက်နေတဲ့အရာတွေအပေါ် လိုက်လုပ်ဖို့ကြတော့ တစ်ခါတစ်လေမှာတော့ သူတို့အတွက် အခက်အခဲဖြစ်နေတယ်။ အထူးသဖြင့် သူတို့ရဲ့မိခင်တွေ ကိုယ်တိုင်က ကလေးကို ထမင်းကျွေးဖို့၊ အပြင်မှာ ရာသီဥတုပူတဲ့အခါ ရေလေးတိုက်ပေးဖို့ တိုက်တွန်းကြတဲ့အခါမှာပဲ”ဟု မသင်းဖြူဖြူဝင်းက ဆိုပါသည်။

၂ဝ၁၆ ခုနှစ်တွင် တက်လမ်း၏ အာဟာရစီမံချက်ကို မြေပုံနှင့် မင်းပြားမြို့နယ်ရှိ ကျေးရွာများသို့ တိုးချဲ့ဆောင်ရွက်ချိန်တွင် အာဟာရနှင့်ပ?
်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ စွဲမြဲစွာကိုင်စွဲထားကြသည့် လွဲမှားသောယုံကြည်ချက်များနှင့်

အာဟာရအသိပညာနိမ့်ကျမှုများသည် အာဟာရမန်နေဂျာ ကိုအောင်ဟန်ဝင်းကို ထိတ်လန့်အံ့သြသွားစေခဲ့ပါသည်။

“ကျွန်တော် ရခိုင်မှာ လာပြီးအလုပ်မလုပ်ခင်က စစ်ကိုင်းတိုင်းထဲမှာ အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီဖက်မှာ ကျော်ဖြတ်ရတာတွေက ပိုပြီးခက်ခဲတယ်။ ရှေးရိုးအယူအဆအလွဲတွေ အများကြီးကို ပြင်ဆင်ပေးရတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မိခင်များသည် မီးတွင်းကာလ ၇ ရက်အတွင်း ထမင်းဖြူကို ဆားနဲ့သာစားကြရပြီး ရင်သွေးကိုလည်း colostrum ဟုခေါ်သည့် အာဟာရများစွာပါဝင်ပြီး ရောဂါဒဏ်မှ ခံနိုင်ရည်ရှိစေသည့် ပဋိဇီဝဓါတ်များပြည့်ဝစွာ ပါဝင်နေသော နို့ဦးရည်တိုက် ကျွေးခြင်းကိုလည်း ရှောင်ရှားကြသည်ဟု ၎င်းက ဆိုသည်။

ကြောက်ရွံ့မှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ထိုကဲ့သို့အလေ့အထများသည် လူကြီးသူမများမှ ညွှန်ကြားကြခြင်းဖြစ်ပြီး ၎င်းတို့ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်၍ အသက်သေဆုံးရာမှ ဖြစ်ပေါ်ခဲ့ခြင်းပင်ဖြစ်သည်။

“ကျွန်မ ကလေးကို နို့ဦးရည်တိုက်ခွင့် မပေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုတိုက်တာ ကလေးကို နေမကောင်းဖြစ်စေတယ်လို့ လူကြီးတွေက ယူဆလို့ပါ”ဟု ယိုးဆနွင်းကျေးရွာမှ မရွှေတင်သိန်းက ပြောသည်။ “နို့ဦးရည်အစား ကျွန်မ ကလေးကို သကြားရေနဲ့ ရောထားတဲ့ နို့မှုန့်ကို တိုက်ခဲ့ရတယ်။ အဲဒါကြောင့် ကလေးက အခုထိ မကြာခဏ ဖျားနေတုန်းပဲ”ဟုလည်း ၎င်းက ဆိုပါသည်။

မရွှေတင်သိန်းသည် ကလေးနို့တိုက်နေချိန်ကာလများတွင် သူ၏အစားအစာများတွင် ကန်စွန်းရွက်၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီးနှင့် အရိုးမပါသောငါးများ မစားရန် လူကြီးများ၏ အကြံပြုချက်ကို လိုက်နာခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်မှာ အားအင်နည်းသွားခဲ့ပြီး နို့ပင်လုံလောက်စွာ မထွက်တော့ပေ။

ခန္ဓာကိုယ်ပုညှက်ပိန်လှီမှုကို ဖြစ်ပေါ်စေသည့် စားသောက်ပုံအစွဲများကို တန်ပြန်ရန် လူထုအာဟာရမြှင့်တင်ရေးမှူးများသည် မိခင်အချင်းချင်းပံ့ပိုးကူညီသည့်အဖွဲ့များကို ဦးဆောင်ခဲ့ပြီး ယင်းအဖွဲ့များတွင် မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးခြင်း၊ မိခင်စောင့်ရှောက်ရေး၊ အာဟာရပြည့်ဝရေးနှင့် လက်များစင်ကြယ်အောင်ဆေးကြောရေး ဆိုင်ရာအသိပညာများကို ဖြန့်ဝေသင်ကြားပေးပါသည်။

ယခုနှစ် ဒီဇင်ဘာအလွန်တွင် ဆက်လက်ပြုလုပ်ရန် စီစဉ်ထားသည့် အစည်းအဝေး များတွင် ဈေးသင့်တင့်မျှတပြီး အာဟာရပြည့်ဝသော အစားအစာများစားသုံးခြင်းနှင့် ပတ်သတ်ပြီး သိထားသင့်သောအချက်အလက်များအား မျှဝေပေးသွားမှာဖြစ်သလို မိဘများ၏စိုးရိမ်ပူများအား ဆွေးနွေးပေးခြင်းနှင့် လူကြီးသူမများထံမှ ဆင်းသက်လာသည့် ရင်ခွင်ပိုက်ကလေးများအတွက် မသင့်တော်သောကျွေးမွေးနည်းစနစ်များအား ဖယ်ရှားနိုင်ရန်အတွက်လည်း စုပေါင်းအားထုတ်သွားကြမည်ဖြစ်သည်။

ယခုအခါမှာ သူ၏ဒုတိယကလေး မောင်စိုးသီဟကျော် ကျန်းမာနေခြင်းနှင့် အရာရာအပေါ် သိချင်စိတ်ပြင်းပြနေခြင်းတို့မှာ တက်လမ်းမှ ရရှိသော အသိပညာနှင့် ကလေးကို နို့တိုက်စဉ် အာဟာရပြည့်ဝသော အစာများ စားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မရွှေတင်သိန်းက ယူဆထားသည်။

“သားလေးက အခုဆိုရင် စကားတွေစပြောနေပြီ။ အရာရာကိုလည်း စိတ်ဝင်စားတယ်”ဟု ဆိုသည်။

၂ဝ၁၇ ခုနှစ်အကုန်တွင် တက်လမ်း၏ ပစ်မှတ်ထားသည့်နေရာများမှ အိမ်ထောင်စုများ၏ ၆၅ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ခြင်းနှင့် အာဟာရ လုံလောက်သည့် အစားအစာများ အကြောင်းသိရှိမှုကို ပြသနိုင်ခဲ့ပြီး ၎င်းပမာဏသည် ၂ဝ၁၅ ခုနှစ်တွင်၂၈ ရာခိုင်နှုန်းသာ ရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။

လူထုအာဟာရမြှင့်တင်ရေးမှူး မသင်းဖြူဖြူဝင်းက အာဟာရနှင့်ပတ်သတ်ပြီး အသိပညာ ရရှိမှုများသည် သူ၏ကျေးရွာတွင် သိသိသာသာ တိုးတက်ပြောင်းလဲလာသည်ဟု ဆိုပါတယ်။ အသည်းရောင်အသားဝါဖြစ်သူ ကလေးအရေအတွက် လျော့နည်းလာသလို ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းမှာလည်း အနည်းငယ်သာ ရှိတော့သည်ဟု ၎င်းကပြောသည်။

နိုင်ငံတစ်ဝန်းမှ အထောက်အထားအရ နို့စို့ကလေးများနှင့် ကလေးငယ်များအား ကျွေမွေးမှုမှာ တိုးတက်မှုရှိလာသည့်အပြင် အာဟာရအဆင့်အပေါ် သက်ရောက်မှုရှိသည့် အဓိကကျသည့် သန့်ရှင်းမှုအလေ့အထများလည်း တိုးတက်လာသည်ဟု ဂီးလော့ဒ်က ပြောသည်။

“ထောက်ပံ့ငွေအများစုက အစားအစာနဲ့ ကျန်းမာရေးအတွက် သုံးတယ်လို့ ကျွန်တော်တို့ လည်း သိပါတယ်။ ဒါက သိပ်ကို မှန်ကန်ပါတယ်”ဟု ၎င်းကပြောသည်။ ထို့ပြင် တက်လမ်း၏ နောက်ဆုံးအဆုံးသတ်အကဲဖြတ်ချက်သည် ရခိုင်ပြည်နယ်အလယ်ပိုင်းမှ ကလေးများပုညှက်ပိန်လှီနေခြင်းအပေါ် ထိရောက်သည့် အကျိုးသက်ရောက်မှုကို စူးစမ်းတွက်ချက်မည်ဟုလည်း ၎င်းကထပ်မံပြောသည်။

“အခုချိန် ကျွန်တော်တို့ရွာတွေသွားနေတဲ့အချိန်မှာ ကလေးတွေဟာ တကယ်ကို အာဟာရပြည့်ဝနေတဲ့ပုံစံ physical ပိုင်းကို ကျွန်တော်တို့ မျက်ဝါးထင်ထင်မြင် တွေ့ရတယ်”ဟု တက်လမ်းမှ ကိုအောင်ဟန်ဝင်း ကလည်း ပြောသည်။

ကနဦးစိန်ခေါ်မှုများရှိသော်လည်း အာဟာရအတွက် အစိုးရ၏ငွေကြေးထောက်ပံ့မှု အစီအစဉ်စတင်မှုက ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏အခြားဒေသများတွင် မိခင်များအတွက် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်တို့ကို မြှင့်တင်ရေးတွင် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။

“အရင်တုန်းကဆိုရင် ကိုယ်ဝန်ဆောင်တွေကို ကျွန်တော်တို့ကျန်းမာရေးဌာနကို ခေါ်ရခက်တယ်။ အခု ပိုက်ဆံပေးတော့ ဒီနေ့ကိုယ်ဝန်ရှိတာသိတယ်ဆိုရင် နောက်နေ့ ဗိုက်လာအပ်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့ကျန်းမာရေးဌာနအတွက်တော့ အားသာချက်ရှိလာတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ဟောပြောပွဲ လုပ်မယ်ဆိုရင် သူတို့က နေ့စဉ်ဒူဝလုပ်ကိုင်စားသောက်နေရတော့ ကျန်းမာရေးဌာနကိုမလာနိုင်ဘူး။ ဒါပေမဲ့ ဗိုက်အပ်ရင် ပိုက်ဆံ တစ်သောင်းခွဲရမယ်ဆိုတော့ လာကြတယ်။ အဲဒီလိုလာတဲ့အချိန်မှာ ကျွန်တော်တို့က ကျန်းမာရေးအသိပညာပေးရတယ်။ မှားသိနေတာတွေကို အမှန်ပြင်ပေးရ တယ်။ ကျန်းမာရေးဗဟုသုတရှိလို့ပဲလာလာ၊ ပိုက်ဆံကြောင့်ပဲလာလာ ဘာကြောင့်ပဲ လာလာ ဆေးခန်းကိုမှန်မှန်ကန်ကန်ရောက်လာတော့ အန္တရယ်ရှိတဲ့ ကိုယ်ဝန်တွေကို ကျွန်တော်တို့ဖော်ထုတ်နိုင်လာတယ်”ဟု ဦးကျော်လှစိန်က ပြောသည်။

ကလေးမိခင်နှင့် မိခင်လောင်းများအတွက် ယင်းထောက်ပံ့ကြေးကြောင့် ၎င်းတို့အနေဖြင့် ၎င်းတို့၏ အာဟာရဆိုင်ရာအသိကို လက်တွေ့အသုံးချနိုင်သည့်အပြင် ကလေးများဖွံ့ဖြိုးမှု အတွက် အခြေခံကျသည့် အစားအစာအတွက် ကုန်ကျမှုချွေတာခြင်းကိုလည်း ရှောင်ရှားနိုင်ပေသည်။

“ခုဆိုရင် ရွာက ကလေးတွေဟာ ပိုကျန်းမာပြီး သန်မာလာကြတယ်လို့ထင်မိတယ်။ သူတို့မျက်လုံးလေးတွေဟာ အရောင်လေးတွေတောက်နေကြတာပဲ”ဟု မသင်းဖြူဖြူဝင်းက ပြောသည်။

ဤကြော်ငြာဆောင်းပါးကို တက်လမ်းစီမံကိန်းက စီစဉ် ရေးသားထားခြင်းဖြစ်သည်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

“”

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar