ရန်ကုန်၊ အောက်တိုဘာ ၂၀
ရန်ကုန်မြို့၊ ကန်တော်ကြီးကန်စောင်းက ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုမှာ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
မီးလောင်မှုကြောင့် ဟိုတယ်အဆောင်(B) ၄ လွှာတွင် တည်းခိုနေထိုင်သူ ဂျပန်အမျိုးသားတစ်ဦးနှင့် အဆောင်(A) ခေါင်မိုးထပ်တွင် ကျားမခွဲခြားနိုင်ခြင်းမရှိသူ ၁ ဦး၊ စုစုပေါင်း ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ အချိန်တိုအတွင်းမှာ ဟိုတယ်အဆောက်အဦးတွေ အကုန်လုံးကို ကူးစက် လောင်ကျွမ်းသွားခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ထံ နံနက် ၃ နာရီခွဲမှာ အကြောင်းကြားခဲ့တယ်လို့ သိရပြီး မီးသတ်ယာဉ် အစီး ၈၀ နဲ့ Level 4 အဆင့်ရှိတဲ့ မီးကိုထိန်းချုပ်နိုင်အောင် လေးနာရီနီးပါး ငြှိမ်းသတ်ခဲ့ကြရပါတယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေးကြီးတစ်ဦးဖြစ်တဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီအုပ်စုက ပိုင်ဆိုင်တဲ့ အဲဒီဟိုတယ် မီးလောင်မှုဖြစ်ပွားရာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း လာရောက်ခဲ့ပါတယ်။
မီးလောင်ချိန်မှာတော့ ဟိုတယ်ရဲ့အခန်း ၉၆ ခန်းမှာ ဧည့်သည် ၁၄၁ ဦး တည်းခိုနေတယ်လို့ သိရပြီး ဧည့်သည်အများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် မကာအိုက အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ဟိုတယ်သုံးလွှာကနေ ခုန်ချခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူကာ ဆေးရုံက ဆင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မီးလောင်မှုကို သွားရောက်ငြှိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးကျော်စွာလင်းဟာ စိုးရိမ်ရဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဦးနှောက်နှင့် အာရုံ ကြော)၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မီးလောင်ချိန်မှာ မီးသတိပေးသံများ မကြားမိဟု ဟိုတယ်၏ အခန်းအမှတ် ၃၀၉ တွင် တည်းခိုနေသည့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှ Andrienne Frilot က ပြောကြားသည်။
မီးလောင်မှုကြောင့် ဟိုတယ်အဆောက်အဦးအားလုံးနီးပါး ပျက်စီးသွားခဲ့သည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ
“မီးလောင်နေချိန် လူတွေက တံခါးတွေကို လိုက်ခေါက်နေကြတယ်။ အဲဒါက ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာ ခပ်လောလောနဲ့ပါ။ ပြီးတော့မှပဲ ကျွန်မတို့တွေ နားလည်လိုက်တာက တစ်ခုခုမှားနေပြီပေါ့။ အဲဒါနဲ့ တံခါးကိုဖွင့်လိုက်တာ မီးခိုးနံ့တွေ ရတယ်၊ ပြီးတော့ ခပ်သုတ်သုတ်နဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းကြတယ်” လို့ သူမက ပြောပါတယ်။
“အဲဒီမှာ မီးသတိပေးချက်က မမြည်ဘူး။ ဘာနဲ့တူလည်းဆိုတော့ ဟိုတည်မှာတည်းခိုနေကြတဲ့ အရက်မူးနေသူတွေက ဟိုတယ်စြင်္ကံထဲမှာ လျှောက်ပြေးနေကြသလိုပါပဲ။ ပြီးတော့ လူတွေကို ခေါ်လာတယ်၊ တံခါးတွေကို လိုက်ခေါက်နေကြတယ်။ အဲဒါက ၁၅ မိနစ်လောက်ကြာပါတယ်။ အဲတော့မှပဲ မေးမြန်းကြည့်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြတယ်။ မီးလောင်တာကတော့ ကျွန်မယုံတယ်။ မနက် ၃နာရီ၊ ပြီးတော့ ၃ နာရီခွဲလောက်မှာမှ တစ်စုံတစ်ခု ဖြစ်နေတယ်ဆိုတာကို နားလည်လိုက်ပါတယ်” လို့လည်း သူမက ဆက်ပြောပါတယ်။
“ဟိုတယ်က ဝန်ထမ်းတွေကေတော့ အရမ်းကို ကူညီပေးကြပါတယ်။ ကျွန်မ အခန်းထဲက ကျွန်မရဲ့အိတ်နဲ့ ထွတ်လိုက်တယ်ဆိုရင်ပဲ တစ်ယောက်ယောက်က အိတ်ကိုလာယူပြီး ဒီဘက်ဒီဘက်ဆိုပြီး လမ်းပြခေါ်ပါတယ်။
ပြီးတော့မှ လူတွေက တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပါတယ်” လို့ Andrienne Frilot ကပြောပါတယ်။
ဟိုတယ်များ တည်းခိုနေတဲ့ ဧည့်သည်တွေကို အခြားဟိုတယ်တွေကို ပြောင်းရွှေ့တည်းခိုဖို့ စီစဉ်ပေးထားပြီး ဧည့်သည်များ၏ ထိခိုက်နစ်နာမှုများကို ထူးကုမ္ပဏီအုပ်စုက တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ ဦးဌေးလွင်က ပြောပါတယ်။
မီးလောင်ကျွမ်းမှုရဲ့အကြောင်းအရင်းကို အသေအချာ မသိရသေးကြောင်းနဲ့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ကန်တော်ကြီးကန်ပတ်လမ်းမှာ ၁၉၉၀ ပြည့်နှစ်အစောပိုင်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဟိုတယ်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ၁၉၃၄ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပြီး လှေလှော်ကလပ်အဖြစ် အသုံးပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် Baiyoke Group of Hotels ကတည်ဆောက်ခဲ့တဲ့ အဲဒီဟိုတယ်ကို ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၉ သန်းနဲ့ ဦးတေဇက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ပြုပြင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့ရဲ့အကောင်းဆုံး ဟိုတယ်တွေထဲက တစ်ခုဖြစ်ပါတယ်။
မီးလောင်သွားတဲ့ ဟိုတယ်အဆောက်အဦးတွေကို အာမခံထားရှိတယ်လို့ ဦးဌေးလွင်က ပြောပါတယ်။
သတင်း-ဆုမြတ်မွန်
Last Updated on 10:45 AM, October 20.