နေပြည်တော်၊ ဧပြီ ၇
ကနေဒါ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ- ကနေဒါသံရုံး
ကနေဒါက မြန်မာအစိုးရသစ်လက်ထက်တွင် အမေရိကန်ဒေါ်လာ ရှစ်သန်း စတင်ထောက်ပံ့မည်ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကနေဒါနိုင်ငံခြားဝန်ကြီး Stephane Dion က ယနေ့ပြောကြားသည်။
၎င်းသည် အဖွဲ့ဝင်လေးဦးနှင့်အတူ သမ္မတဦးထင်ကျော်အား ယနေ့နံနက်ပိုင်းက သမ္မတအိမ်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကနေဒါက မြန်မာနိုင်ငံအား ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအကူအညီများကို ပေးအပ်ခဲ့ရာ ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဒေါ်လာ ၄၄ သန်းဖိုးခန့် ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု Stephane Dion ကပြောသည်။
ထို့ပြင် ၁၉၈၀ ပြည်နှစ်လွန်များကတည်းက ရပ်ဆိုင်းထားခဲ့သည့် ကနေဒါက ပညာသင်ဆုများအား မြန်မာလူငယ်များအတွက် ပြန်လည်ပေးအပ်ရန် အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးမည်ဟု ၎င်းက ဦးထင်ကျော်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။
”မြန်မာလူငယ်တွေကို အရင်တုန်းကလို စကောလားရှစ် ပြန်ပေးဖို့နဲ့ တိုးမြှင့်ပေးသွားဖို့ သမ္မတဦးထင်ကျော်က ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတဲ့အတွက် နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ကနေဒါဝန်ကြီးက ပြောခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအကြောင်းနှင့် ကနေဒါနိုင်ငံ၏ အတွေ့အကြုံများအရ ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများအရ သောက်သုံးရေ လုံလောက်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တွေ့ဆုံပွဲတွင် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
စီးပွာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် တာဝန်ယူမှုနှင့် တာဝန်ခံမှု ပါသည့် ရင်းနှီးမြှုပ်နှံများကိုသာ လက်ခံမည်ဟု သမ္မတဦးထင်ကျော်က ပြောကြားသည်ကို ကနေဒါဝန်ကြီးက လက်ခံခဲ့သည်ဟု ဦးဇော်ဌေးကပြောသည်။
ကနေဒါ နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ နံနက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်နှင့် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
ထို့ပြင် ၎င်းသည် လူအဖွဲ့အစည်း ခေါင်းဆောင်များနှင့် Yangon Heritage Trust မှ ဦးသန့်မြင့်ဦးတို့ကိုလည်း တွေ့ဆုံခဲ့သည်။
ကနေဒါသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။
နှစ်နိုင်ငံခြား ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်များတွင် တိုးတက်လာခဲ့ရာ ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၅၁ ဒသမ ၇ သန်းအထိ ရောက်ရှိခဲ့သည်။
သတင်း- စိုးသန်းလင်း